
အမေရိကန်သမ္မတ ထရမ့်ပ်ဟာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကစပြီး နိုင်ငံ ၇ နိုင်ငံဖြစ်တဲ့ ဘကီးနားဖာဆို၊ လာအိုစ်၊ မာလီ၊ နိုင်ဂျာ၊ ဆီအာ ရလီယွန်၊ တောင်ဆူဒန်နဲ့ ဆီးရီးယားတို့ကို ပစ်မှတ်ထားတဲ့ ခရီးသွားလာမှု ကန့်သတ်ချက်အသစ်တခုကို ကြေညာခဲ့ပါတယ်။
ဒီလုပ်ဆောင်ချက်ဟာ အမျိုးသားလုံခြုံရေးနဲ့ အဲဒီနိုင်ငံတွေမှာ မလုံလောက်တဲ့ စိစစ်ရေးစနစ်တွေကြောင့် လှုံ့ဆော်ခံရတာလို့ အစိုးရအဖွဲ့က ဆိုပါတယ်။
တောင်ဆူဒန် နိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနရဲ့ ပြောရေးဆိုခွင့်ရှိသူ သောမတ်စ် ကန်နက်သ်အယ်လီဆာပါနာက “ဒီသတင်းက လူမှုမီဒီယာမှာ ပျံ့နှံ့နေပေမဲ့ ကျနော်တို့မှာ သံတမန်လမ်းကြောင်းတွေရှိပြီး သံရုံးတွေလည်းရှိပါတယ်။ တောင်ဆူဒန်မှာ အမေရိကန်ရဲ့ ကိုယ်ပိုင်သံရုံးရှိပြီး ကျနော်တို့ရဲ့သံရုံးလည်း ဝါရှင်တန်မှာ ရှိပါတယ်။ ဒါပေမဲ့ တောင်ဆူဒန် နိုင်ငံခြားရေးနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနအနေနဲ့ ဒီသတင်းနဲ့ပတ်သက်လို့ လက်ထဲကို ဘာမှ မရောက်ထားပါဘူး”လို့ ပြောပါတယ်။
အခုနောက်ဆုံးကြေညာချက်ဟာ နိုင်ငံပေါင်း ၁၂ နိုင်ငံမှ နိုင်ငံသားတွေကို အပြည့်အဝ ပိတ်ပင်ထားပြီး တခြား ၇ နိုင်ငံမှ နိုင်ငံသားတွေကို တစိတ်တပိုင်း ကန့်သတ်ထားတဲ့ ၂၀၂၅ ခုနှစ် ဇွန်လမှာ ထုတ်ပြန်ခဲ့တဲ့ ထရမ့်ပ်ရဲ့ အရင်ကန့်သတ်ချက်တွေကို ပိုမိုကျယ်ပြန့်စေခဲ့ပါတယ်။
ပိတ်ပင်မှု အကောင်အထည်ဖော်တာဟာ လက်ရှိဗီဇာကိုင်ဆောင်ထားသူတွေ၊ တရားဝင်အမြဲတမ်းနေထိုင်သူတွေ၊ သံတမန်တွေနဲ့ အမျိုးသား အကျိုးစီးပွားအတွက် ခရီးသွားလာသူတွေ အပါအဝင် ကင်းလွတ်ခွင့်တွေ ရှိနေဆဲဖြစ်ပေမဲ့ ရွှေ့ပြောင်းနေထိုင်သူနဲ့ ရွှေ့ပြောင်းနေထိုင်သူ မဟုတ်တဲ့ ဗီဇာအမျိုးအစား ၂ မျိုးလုံးကို သက်ရောက်မှု ရှိမှာဖြစ်ပါတယ်။
ထိခိုက်ခံရတဲ့ အာဖရိကနိုင်ငံတွေထဲမှာ တောင်ဆူဒန်၊ တန်ဇန်းနီးယား၊ အင်ဂိုလာ၊ ဘီနင်၊ ဘူရွန်ဒီ၊ ကို့တ်ဒီဗွာ၊ ဂါဘွန်၊ ဂမ်ဘီယာ၊ နိုင်ဂျီးရီးယား၊ ဆီနီဂေါ၊ မာလာဝီ၊ ဇမ်ဘီယာ၊ ဇင်ဘာဘွေနဲ့ တိုဂိုတို့ ပါဝင်ပါတယ်။
Source: Reuters


