
ဂရင်းလန်းကျွန်းကို ရုရှားနဲ့ တရုတ်တို့ရဲ့ သိမ်းပိုက်ခြင်းကနေ ကာကွယ်ဖို့အတွက် အမေရိကန် ပိုင်ဆိုင်မှုလိုအပ်နေတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က သတင်းထောက်တွေကို ပြောပါတယ်။
“နိုင်ငံတွေက ပိုင်ဆိုင်မှုအတွက်ပဲ ကာကွယ်မှုတွေပြုလုပ်ကြပြီး၊ ငှားရမ်းမှုအတွက် မကာကွယ်ကြပါဘူး။ ကျနော်တို့လည်း ဂရင်းလန်းကို ပိုင်ဆိုင်မှုအတွက် ကာကွယ်သွားမှာပါ။ လွယ်ကူတဲ့နည်းလမ်းဖြစ်စေ ခက်ခဲတဲ့နည်းလမ်းဖြစ်စေလုပ်ဆောင်သွားမယ်။”
ဂရင်းလန်းအနီး ရုရှား၊ တရုတ် သင်္ဘောတွေရှိကြောင်း အတည်ပြုထားတာမရှိပေမဲ့ အမေရိကန်အနေနဲ့ ဒီနိုင်ငံတွေကနေ ကာကွယ်ဖို့ လိုအပ်ကြောင်းလည်းဆိုပါတယ်။
နေတိုးအဖွဲ့ကလည်း ဂရင်းလန်းကျွန်းကို ဝယ်ယူဖို့ စဉ်းစားနေပြီး၊ အင်အားသုံး လက်နက်သုံးကာ ကာကွယ်နိုင်တဲ့ နည်းလမ်းတွေရှိကြောင်း အိမ်ဖြူတော်က ကြေညာထားပါတယ်။
ဂရင်းလန်းကျွန်းဟာ မြောက်အမေရိကနဲ့ အာတိတ်အကြားမှာ တည်ရှိပြီး၊ ဒုံးကျည် တိုက်ခိုက်မှုတွေကို အစောဆုံးသိနိုင်သလို စစ်သင်္ဘောတွေကို စောင့်ကြည့်နိုင်တဲ့ အရေးပါဆုံးနေရာ ဖြစ်ပါတယ်။ ဒိန်းမတ်နဲ့ ဂရင်းလန်း အာဏာပိုင်တွေကတော့ ရောင်းချမှာမဟုတ်ကြောင်း တုံ့ပြန်ထားပါတယ်။
အမေရိကန်နိုင်ငံဟာ ဂရင်းလန်းအနောက်မြောက်မှာ ဒုတိယကမ္ဘာစစ်ကတည်းက စစ်တပ် ၁၀၀ ကျော်ထားရှိနေပြီး ဒိန်းမတ်နဲ့ အမေရိကန်တို့ သဘောတူချက်အရ အမေရိကန်တပ်သားတွေ ကျွန်းမှာ တပ်စွဲခွင့်ရှိပေမဲ့ မလုံလောက်ဘူးလို့ ထရမ့်ပ်က ပြောကြားထားပါတယ်။
“နိုင်ငံတွေက ၉ နှစ် ဒါမှမဟုတ် ၁၀၀ နှစ်စာချုပ် မလုပ်နိုင်ကြပါဘူး။ တရုတ်နဲ့ ရုရှားကို ချစ်ပေမဲ့ ဂရင်းလန်းမှာ သူတို့ ရှိတာကို မကြိုက်ပါဘူး။ နေတိုးအဖွဲ့ကလည်း နားလည်မယ်လို့ ထင်ပါတယ်။”
ထရမ့်ပ်က ပထမ သမ္မတ သက်တမ်းတုန်းကလည်း ဂရင်းလန်းကို ဝယ်ယူဖို့ ကမ်းလှမ်းခဲ့ဖူးကြောင်း၊ ယူရေနီယံ၊ သံ၊ မြေရှားသတ္တု၊ ရေနံ၊ သဘာဝဓာတ်ငွေ့တွေရှိလို့ အမေရိကန်ရဲ့ စိတ်ဝင်စားမှု အများကြီးရှိနေကြောင်းလည်း ဖော်ပြခဲ့ပါတယ်။
ဂရင်းလန်းကျွန်းကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဒိန်းမတ်နဲ့ လာမဲ့အပတ် ဆွေးနွေးဖို့ ရှိပါတယ်။
Source:Reuters


