Home
နိုင်ငံတကာ
ကာကွယ်ရေးဘတ်ဂျက် ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ တိုးမြှင့်ရန် ထရမ့်ပ် တောင်းဆို
DVB
·
January 8, 2026
Photo: Reuters

လာမဲ့ ၂၀၂၇ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ ကာကွယ်ရေး အသုံးစရိတ်ကို ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံအထိ တိုးမြှင့်ပေးဖို့အတွက် သမ္မတ ဒေါ်နယ်ထရမ့်ပ်က တောင်းဆိုလိုက်ပါတယ်။

ဒါဟာ “အလွန်ပြဿနာများပြီး အန္တရာယ်ရှိတဲ့ အချိန်ကာလတွေ” ကြောင့် ဖြစ်တယ်လို့ ဆိုကာ အမေရိကန်သမ္မတက ကာကွယ်ရေးဘတ်ဂျက်ကို ၅၀ ရာခိုင်နှုန်းကျော် ထပ်တိုး အဆိုပြုခဲ့တာပါ။

အခုနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကိုတော့ ဒေါ်လာ ၉၀၁ ဘီလီယံအဖြစ် ပြီးခဲ့တဲ့ ဒီဇင်ဘာလက ကွန်ဂရက်လွှတ်တော်မှာ အတည်ပြုခဲ့ပြီး ဖြစ်ပါတယ်။

အရင်ကတည်းက အမေရိကန်ရဲ့ အသုံးစရိတ်နဲ့ ဝင်ငွေ ကွာဟချက်ဟာ ရေရှည်မှာ ဆက်မထိန်းထားနိုင်လောက်တဲ့ အတိုင်းအတာကို ရောက်နေပြီဖြစ်ကြောင်း စီးပွားရေးပညာရှင်က သတိပေးထားပါတယ်။

ဒါပေမဲ့လည်း အခွန်စည်းကြပ်မှုတွေကနေ ရလာမဲ့ဝင်ငွေ ရှိနေတာကြောင့် သူအဆိုပြုထားတဲ့ ဒေါ်လာ ၁ ဒသမ ၅ ထရီလီယံ ကာကွယ်ရေး ဘတ်ဂျက်ကို “အလွယ်တကူ ပြည့်မီနိုင်တယ်” ဆိုပြီး ထရမ့်ပ်က တုံ့ပြန်သွားပါတယ်။

ဒါကြောင့် “ကျနော်တို့ ရသင့်ရထိုက်တာ ကြာပြီဖြစ်တဲ့ ‘အိပ်မက်ထဲက စစ်တပ်ကြီးကို’ တည်ဆောက်နိုင်မှာဖြစ်သလို ပိုပြီးအရေးကြီးတာဟာ ဘယ်ရန်သူပဲဖြစ်နေပါစေ လုံခြုံစိတ်ချရမှုရှိစေမှာ” ဖြစ်တယ်လို့လည်း သူ့လူမှုကွန်ရက်ပေါ်မှာ ပို့စ်တင်ထားပါတယ်။

အဲဒီနောက် သီးခြားပို့စ်တွေထဲမှာ အမေရိကန် ကာကွယ်ရေး ကန်ထရိုက်ကုမ္ပဏီကြီးတွေရဲ့ အကြီးအကဲတွေနဲ့ ရှယ်ယာရှင်တွေကို “အဆမတန်” ငွေပေးချေနေရတဲ့အပေါ် တင်းတင်းကျပ်ကျပ် ကိုင်တွ​ယ်မဲ့အကြောင်း ထရမ့်ပ်က ဖြည့်စွက်ပြောပါတယ်။

“ဘယ်အမှုဆောင်အရာရှိမဆို ဒေါ်လာ ၅ သန်းထက်ပိုပြီး မရသင့်ပါဘူး။ အခုလိုမျိုး ကြားရတာ များတယ်လို့ ထင်ရပေမဲ့ လက်ရှိ သူတို့ရနေတာနဲ့ ယှဉ်လိုက်ရင်တော့ အတိုအစလောက်ပဲ ရှိတယ်။”

ဒါ့အပြင် အမေရိကန်သမ္မတက ခေတ်မီစက်ရုံအသစ်တွေ တည်ဆောက်တာမျိုး အပါအ၀င် လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေ အလျင်အမြန်ထုတ်လုပ်ပြီး ပို့ဆောင်ပေးဖို့အတွက်ပါ ကာကွယ်ရေးကုမ္ပဏီတွေကို တိုက်တွန်းထားပါတယ်။

ကမ္ဘာတဝန်းမှာ ပထဝီနိုင်ငံရေးအရ တင်းမာမှုတွေ မြင့်တက်လာတာနဲ့အမျှ အမေရိကန်နဲ့အတူ မဟာမိတ်နိုင်ငံတွေရဲ့ ကာကွယ်ရေးအသုံးစရိတ်ကို အများအပြား တိုးမြှင့်ဖို့အတွက် ထရမ့်ပ်က အစဉ်တစိုက် တွန်းအားပေးလာခဲ့တာ ဖြစ်ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013