
ဖိလစ်ပိုင်အလယ်ပိုင်း၊ စီဘူးမြို့ရှိ ဘီနာလျူအမှိုက်ပုံကြီး ဇန်နဝါရီ ၈ ရက် မွန်းလွဲပိုင်းက ပြိုကျပြီးနောက် အနည်းဆုံး လူ တယောက် သေဆုံးကာ ၃၄ ယောက် ပျောက်ဆုံးနေကြောင်း အရာရှိတွေက ပြောပါတယ်။
ဒေသခံ မီးသတ်အာဏာပိုင်တွေ ထုတ်ပြန်တဲ့ ဓာတ်ပုံတွေထဲမှာ အမှိုက်တွေ ပျံ့နှံ့နေတဲ့ မြင်ကွင်းထဲမှာ ပျက်စီးသွားတဲ့ အဆောက်အအုံတွေကို မြင်တွေ့ရပါတယ်။ အခင်းဖြစ်တဲ့နေရာကို ကယ်ဆယ်ရေးသမားတွေနဲ့ အရာရှိတွေရောက်လာပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်နေကြပါတယ်။
ဇန်နဝါရီ ၈ ရက် ညနေ ၄ နာရီ ၁၇ မိနစ်မှာ မတော်တဆမှုဖြစ်ပွားခဲ့တာဖြစ်ပြီး အလုပ်သမား ၁၁၀ ယောက် ရောက်ရှိလာကာ ဘီနာလျူအမှိုက်ပုံကြီးမှာ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း စီဘူးမြို့တော်ဝန် နက်စ်တာအာခိုက်ဗလ်က လူမှုကွန်ရက်မှာ ရေးထား ပါတယ်။
ဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့တွေ၊ ရဲတွေ၊ မီးသတ်တပ်ဖွဲ့တွေနဲ့ စစ်တပ်တို့ကို ဖြန့်ချထားပြီး လူနာတင်ယာဉ်တွေ၊ မီးသတ်ကားတွေနဲ့ မီးထွန်းမျှော်စင်တွေကိုလည်း ဖြန့်ကြက်ထားကြောင်း မြို့တော်ဝန်က ပြောပါတယ်။
တာဝန်ရှိသူတွေဟာ အခြေအနေကို အကဲဖြတ်ဖို့နဲ့ ထိခိုက်သူတွေရဲ့ မိသားစုတွေကို အကူအညီပေးဖို့ အမျိုးသားအေဂျင်စီတွေနဲ့ အမှိုက်ပုံစီမံခန့်ခွဲမှုဌာနတို့နဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
Source: Reuters


