Home
ဆောင်းပါး
အာဆီယံဥက္ကဋ္ဌသစ်အတွက် စမ်းသပ်ချက်များ
DVB
·
December 25, 2025

ထိုင်းနိုင်ငံ ဆီလ်ပါကွန်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံကထိက အနက်ချိုင်း ရွန်ရတနာခွန်းက ထိုင်းအစိုးရဟာ ဖိလစ်ပိုင်နဲ့ စောစောစီးစီး ဆွေးနွေးမှုတွေ စတင်လုပ်ဆောင်နေပြီလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၃ ရက်နေ့တုန်းက နိုင်ငံခြားရေးဝန်ကြီး ဆီဟဆတ် ဖွန်ကတ်ကယောက်ဟာ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး မာရီယာထရီဆာလာဇာရို ဆီကို ဖုန်းဆက်ပြီး မိတ်ဆက်စကားပြောခဲ့ပါတယ်။

အဲဒီဖုန်းပြောဆိုမှုမှာ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ကိစ္စအပြင် တခြားအရေးကြီးတဲ့ ဒေသတွင်းကိစ္စတွေကိုပါ ဆွေးနွေးခဲ့ကြတာပါ။ မြန်မာ့အရေးအခင်းနဲ့ တောင်တရုတ်ပင်လယ် အငြင်းပွားမှုတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ 

မစ္စတာ ဆီဟဆတ်ဟာ ဖိလစ်ပိုင် တရားရုံးချုပ် တရားသူကြီးဟောင်း အန်တိုနီယို ကာပီယိုနဲ့ ဖိလစ်ပိုင်အခြေစိုက် လုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ သုတေသနအဖွဲ့ က ကိုယ်စားလှယ်အဖွဲ့နဲ့လည်း ဆွေးနွေးခဲ့ပါသေးတယ်။

ဒီဆွေးနွေးမှုတွေကို ကြည့်ရင် နောက်နှစ် အာဆီယံဥက္ကဋ္ဌဖြစ်လာမဲ့ ဖိလစ်ပိုင်အနေနဲ့ လုံခြုံရေးကိစ္စတွေကို ကိုင်တွယ်ဆောင်ရွက်ဖို့ အဆင်သင့်ဖြစ်နေတာကို ပြသနေတယ်လို့ မစ္စတာ အနက်ချိုင်းက ပြောပါတယ်။

အာဆီယံရဲ့ ဟန်ချက်ညီအောင် ထိန်းညှိမှု

မြန်မာနိုင်ငံက ပြည်တွင်းစစ် ဖြစ်နေတာရယ်၊ စက်တင်ဘာလတုန်းက စစ်ကောင်စီကို အလှည့်ကျဥက္ကဋ္ဌ တာဝန်မပေးဖို့ အာဆီယံက ဆုံးဖြတ်ခဲ့တာရယ်ကြောင့် ဖိလစ်ပိုင်နိုင်ငံက အလှည့်ကျော်ပြီး အခုလို ဝင်ရောက်တာဝန်ယူရတာ ဖြစ်ပါတယ်။

“မြန်မာ့အရေးက ၂၀၂၁ ကတည်းက ဖြစ်နေတာဆိုတော့ အခု ဖိလစ်ပိုင်သာ ငြိမ်းချမ်းရေးဖြစ်စဉ်ကို တကယ်တွန်းအားပေးနိုင်ရင် သူတို့ နာမည်ကောင်းရမှာပါ။ ဒါက ဒေသတွင်း လုံခြုံရေးအတွက်လည်း အဓိက စိုးရိမ်စရာ ဖြစ်နေပါတယ်" လို့ သူက ပြောပါတယ်။

အမေရိကန်ရဲ့ မဟာမိတ်ဖြစ်တဲ့ ဖိလစ်ပိုင်ဟာ ဒီအချက်ကို အခွင့်ကောင်းယူပြီး မြန်မာပြည်ငြိမ်းချမ်းရေးအတွက် တွန်းအားပေးနိုင်ပါတယ်။ တရုတ်ကတော့ မြန်မာ့အရေးမှာ သူ့အခန်းကဏ္ဍကို ဆက်လက်ထိန်းထားမှာပါပဲ။ ဒါပေမဲ့ အမေရိကန်က ဖိလစ်ပိုင်ကတဆင့် လှုပ်ရှားမယ်ဆိုရင် အာဆီယံထဲက သူ့ရဲ့အခန်းကဏ္ဍကို ပိုပြီး ထိထိရောက်ရောက် ထိန်းသိမ်းနိုင်ပါလိမ့်မယ်။

ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်အရေးနဲ့ ပတ်သက်ပြီး တရုတ်နဲ့ မကြာခဏ ထိပ်တိုက်တွေ့လေ့ရှိတာကြောင့် အာဆီယံဥက္ကဋ္ဌ ဖြစ်လာတဲ့အခါ ဒီကိစ္စက စိန်ခေါ်မှုတခု ဖြစ်လာနိုင်ပါတယ်။

ဒါပေမဲ့ မစ္စတာ အနက်ချိုင်းကတော့ မပြီးပြတ်သေးတဲ့ မြန်မာ့အကျပ်အတည်းနဲ့ ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာတွေ ရှိနေတာကြောင့် ဒီပင်လယ်ပြင်ကိစ္စက ဒုတိယဦးစားပေးလောက်ပဲ ဖြစ်နေဦးမယ်လို့ ဆိုပါတယ်။

တောင်တရုတ်ပင်လယ် အခြေအနေကတော့ 'Hot Peace' (တအုံ့နွေးနွေး ငြိမ်းချမ်းရေး) အဖြစ်နဲ့ပဲ ဆက်ရှိနေမှာပါ။ ဆိုလိုတာက စစ်ပွဲကြီးအဖြစ် ပေါက်ကွဲမထွက်ပေမဲ့ အခြေအနေတွေကတော့ ဆက်ပြီး တင်းမာနေဦးမှာပါ။

အမေရိကန်နဲ့ ဖိလစ်ပိုင်ကြား လုံခြုံရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုသိသာလာတဲ့အခါ တရုတ်က တုံ့ပြန်လာနိုင်ပါတယ်။ ဒါက အခြေအနေကို ပိုဆိုးလာနိုင်တယ်လို့ သူက ပြောပါတယ်။

“ကမ္ဘာ့နိုင်ငံရေးမှာ တရုတ်က သူ့ကိုယ်သူ ဘယ်လို နေရာယူထားလဲဆိုတာ ကြည့်မယ်ဆိုရင် အမေရိကန်ထက် ပိုကောင်းတယ်လို့ ဝန်ခံရမှာပါ။ ရုရှား-ယူကရိန်း၊ အစ္စရေး-ဟားမတ်စ် စတဲ့ တခြားနိုင်ငံတွေရဲ့ ပဋိပက္ခတွေမှာ ဝင်မပါဘူးဆိုတာ တရုတ်က ရှင်းရှင်းလင်းလင်း လုပ်ထားပါတယ်။ အမေရိကန်ကတော့ တခြားဒေသတွေမှာ ဩဇာလွှမ်းမိုးပြီး လက်ရှိ အခြေအနေကို ထိန်းထားဖို့ ကြိုးစားနေတာပါ” လို့ သူက ထပ်လောင်းပြောပါတယ်။

“ဒါပေမဲ့ လာမယ့်နှစ်မှာ အာဆီယံဟာ အမေရိကန်နဲ့ တရုတ် အားပြိုင်တဲ့ စစ်မြေပြင် ဖြစ်လာမယ်လို့ မျှော်လင့်ရပါတယ်” လို့လည်း သူက ဆိုပါတယ်။

ဖိလစ်ပိုင်အတွက် စမ်းသပ်ချက်

ဆရီနခါရင်ဝီရော့တက္ကသိုလ်က လက်ထောက်ပါမောက္ခ ပရာဖီးအပီချတ်ဆာခိုးလ်ကတော့ ဖိလစ်ပိုင်အနေနဲ့ တောင်တရုတ်ပင်လယ် အရေးကို အာဆီယံအဆင့်တင်ပြတဲ့အခါ သတိထားဖို့ လိုတယ်လို့ ပြောပါတယ်။ အမေရိကန်နဲ့ တရုတ်ကြား မျှခြေညှိဖို့လိုပြီး အာဆီယံကို တဘက်ဘက်ဆီ ဆွဲမပါသွားစေဖို့ လိုတယ်လို့ ဆိုပါတယ်။

မစ္စ ပရာဖီးက “အဲဒီလိုမဟုတ်ရင် အာဆီယံက ဘက်လိုက်တယ်လို့ စွပ်စွဲခံရနိုင်ပါတယ်။ အဲအခါကျ အင်အားကြီးနိုင်ငံ တနိုင်ငံနဲ့ ဆက်ဆံရေး ပျက်ပြားသွားနိုင်ပါတယ်”လို့ ပြောပါတယ်။

ဒါပေမဲ့ ဝါရှင်တန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တာကြောင့် ဖိလစ်ပိုင်ဟာ ဒီဥက္ကဋ္ဌသက်တမ်းကို အခွင့်ကောင်းယူပြီး အမေရိကန်နဲ့ ကုန်သွယ်ရေး၊ အခွန်အခကိစ္စတွေ ဆွေးနွေးနိုင်ပါတယ်။ ဒါက ဒေသတခုလုံးအတွက် အကျိုးရှိစေမှာပါ။

“ကျမအမြင်ကတော့ အထူးသဖြင့် ဒီလိုအချိန်မျိုးမှာ အာဆီယံက စည်းလုံးသင့်ပါတယ်။ သမ္မတ ထရမ့်ပ်နဲ့ ညှိနှိုင်းတဲ့အခါ အာဆီယံပလက်ဖောင်းကို အားပြုပြီး အတူတကွ လက်တွဲလုပ်ဆောင်သင့်ပါတယ်” လို့ သူက ဆက်ပြောပါတယ်။

မစ္စ ပရာပီက “ထိုင်းနဲ့ ကမ္ဘောဒီးယားအရေးဟာ ဖိလစ်ပိုင်ဥက္ကဋ္ဌသက်တမ်းမှာ ဆွေးနွေးရမဲ့ အဓိက လုံခြုံရေးအချက်တွေထဲမှာပါနေဦးမှာ”လို့ ဆိုပါတယ်။ ဘာလို့လဲဆိုတော့ မလေးရှားဥက္က ဋ္ဌလက်ထက်မှာ ငြိမ်းချမ်းရေးသဘောတူညီမှု လက်မှတ်ထိုးခဲ့ပေမဲ့ နှစ်ဖက်တပ်တွေကြား ပစ်ခတ်မှုတွေ ရှိနေသေးလို့ပါပဲ။

“ဒါပေမဲ့ ဖိလစ်ပိုင်က ထိုင်း-ကမ္ဘောဒီးယားကိစ္စကို ကိုင်တွယ်ရာမှာ ပိုသတိထားရပါလိမ့်မယ်။ (နှစ်နိုင်ငံအရေး ဝင်ပါတယ်လို့ စွပ်စွဲခံရတဲ့) မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင် ဦးဆောင်ပြီး ငြိမ်းချမ်းရေးစာချုပ် ထိုးခဲ့ပေမဲ့လည်း အခုထိ သေနတ်သံတွေကြားနေရပြီး မြေမြှုပ်မိုင်းတွေ တွေ့နေရတုန်းပါပဲ” လို့ သူက ပြောပါတယ်။

အာဆီယံမှာ ပိုကြီးမားတဲ့ အခန်းကဏ္ဍ

နယ်စပ်ပဋိပက္ခကြောင့် ထိုင်းနိုင်ငံရဲ့ ဒေသတွင်း ရည်မှန်းချက်တွေ မသေမချာဖြစ်နေပြီး ခေါင်းဆောင်မှုကဏ္ဍ ရယူလိုမှုကို ထိခိုက်နိုင်တယ်လို့ ပညာရှင်တွေက ဆိုပါတယ်။

ဆီလ်ပါကွန်းတက္ကသိုလ်က မစ္စတာ အနက်ချိုင်းကတော့ “ထိုင်းဟာ ပိုင်ဆိုင်မှုအငြင်းပွားတဲ့အထဲ မပါဝင်တာကြောင့် တောင်တရုတ်ပင်လယ်အရေးမှာ ကြားဝင်စေ့စပ်ပေးသူ လုပ်နိုင်ပါတယ်" လို့ ဆိုပါတယ်။ ဒါပေမဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားတောင် ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်သေးတာ ကြောင့် တခြားအာဆီယံနိုင်ငံတွေက သံသယဝင်စရာ ဖြစ်နိုင်ပါတယ်လို့လည်း ဆိုပါတယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်မှာ တည်ဆောက်နေတဲ့ နယ်စပ်တံတိုင်းအသစ်ကလည်း အာဆီယံရဲ့ လူထုအချင်းချင်း ဆက်သွယ်ရေးမြှင့်တင်ဖို့ဆိုတဲ့ မူဝါဒနဲ့ ကြည့်ရင် သိပ်အလားအလာ မကောင်းလှဘူးလို့ မစ္စတာ အနက်ချိုင်းက ပြောပါတယ်။

“အာဆီယံ ရှုထောင့်က ကြည့်မယ်ဆိုရင် ဒီတံတိုင်းက အာဆီယံစိတ်ဓာတ်နဲ့ မကိုက်ညီပါဘူး” လို့ သူက ဆက်ပြောပါတယ်။

တဘက်မှာလည်း ထိုင်းအနေနဲ့ ကမ္ဘောဒီးယားနဲ့ ပဋိပက္ခဖြစ်နေချိန်မှာ မြန်မာ့အရေးကို ချဉ်းကပ်ရာမှာ သတိထား ဖို့လိုတယ်လို့ မစ္စ ပရာဖီးက ပြောပါတယ်။

“ဒီအချိန်မှာ စစ်မျက်နှာနှစ်ဖက် မဖွင့်မိအောင် မြန်မာ့အရေးကို ကိုင်တွယ်တဲ့အခါမှာလည်း ထိုင်းက သတိထားဖို့ လိုပါတယ်။”

“မြန်မာပြည် ငြိမ်းချမ်းရေးရဖို့ ကူညီပေးရာမှာ ထိုင်းအတွက် ခက်ခဲနေခဲ့ပါတယ်။ အခု ထိုင်းနဲ့ ကမ္ဘောဒီးယား စစ်ဖြစ်နေတော့ မြန်မာ့အရေးကို ချဉ်းကပ်ဖို့ ပိုခက်ခဲသွားပါပြီ” လို့ သူက ဆိုပါတယ်။

“ထိုင်းက ဒီမိုကရေစီအကြောင်း ပြောချင်တယ်ဆိုရင်တောင် ၃ နှစ်အတွင်း ဝန်ကြီးချုပ် ၃ ယောက်ပြောင်းထားတဲ့ နိုင်ငံမို့လို့ သိပ်အဆင်ပြေမယ့်ပုံ မပေါ်ပါဘူး” လို့ မစ္စတာ အနက်ချိုင်းက ထပ်လောင်းပြောပါတယ်။

“ကမ္ဘောဒီးယားနဲ့ ပဋိပက္ခကြောင့် ငြိမ်းချမ်းရေးတည်ဆောက်မှုအကြောင်း ပြောဖို့လည်း ခက်ပါတယ်။ ဝီဂါတွေကို ပြန်ပို့တဲ့ကိစ္စကလည်း ကျနော်တို့ပုံရိပ်ကို ထိခိုက်စေခဲ့ပါတယ်” လို့ သူက ပြောပါတယ်။

မစ္စ ပရာဖီးကတော့ လာမဲ့ နှစ်မှာ ထိုင်းနိုင်ငံအနေနဲ့ တောင်တရုတ်ပင်လယ်အရေးမှာ ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေ (UNCLOS) ကို လေးစားလိုက်နာကြဖို့ တိုက်တွန်းခြင်းအားဖြင့် အာဆီယံမှာ ပိုတက်ကြွတဲ့အခန်းကဏ္ဍက ပါဝင်နိုင်တယ်လို့ အကြံပြုပါတယ်။

“ထိုင်းနိုင်ငံဟာ ဒေသတွင်း အင်အားကြီးနိုင်ငံတွေကြားမှာ ဟန်ချက်ညီအောင် နေနိုင်တဲ့အတွက် ကြားနေအခန်းကဏ္ဍကနေ ပါဝင်နိုင်ပါတယ်။ ကမ္ဘောဒီးယားနဲ့ ပဋိပက္ခကြောင့် ပုံရိပ်ထိခိုက်ထားပြီးဖြစ်လို့ ပြဿနာတခုခုထဲမှာ အပြည့်အဝ ဝင်မပါဘဲ ညှိနှိုင်းပေးတဲ့ အခန်းကဏ္ဍ ကနေပဲ ဆောင်ရွက်နိုင်ပါတယ်" လို့ သူက သုံးသပ်ပြောကြားခဲ့ပါတယ်။

ပိုရာမက် ထန်းဆတ်ထပွန်း

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013