
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်အတွင်း ကလေးသူငယ်နဲ့ လူငယ်ပေါင်း ၂၀၀ ကျော် ပါဝင်ပတ်သက်နေတဲ့ လူကုန်ကူးမှုဖြစ်စဉ် စုစုပေါင်း ၂၇၉ ခု တိုင်ကြားခံခဲ့ရပြီး တချို့သော သားကောင်တွေဟာ အိမ်နီးချင်းနိုင်ငံတွေက ငွေလိမ်ဂိုဏ်းတွေထဲ အတင်းအဓမ္မ ခိုင်းစေခံခဲ့ရတဲ့အကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့နဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတခုဖြစ်တဲ့ MIrror Foundation တို့က ထုတ်ပြန်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့ ဒုတိယဗိုလ်ချုပ်ကြီး ထရိုင်ရွန် ဖီပန်က အမှုပေါင်း ၂၄၆ ခုမှာ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ်မှုတွေဖြစ်ပြီး ၃၃ ခုကတော့ အဓမ္မလုပ်အားပေး ခိုင်းစေမှုတွေ ဖြစ်ကြောင်း ပြောကြားခဲ့သလို စုစုပေါင်း အမှု ၂၇၉ ခုထဲက ၁၇၀ ကတော့ အွန်လိုင်းကတဆင့် ကျူးလွန်ခဲ့တာလို့ ဆိုပါတယ်။
ရဲတပ်ဖွဲ့အနေနဲ့ကတော့ လူကုန်ကူးခံရသူ ၃၁၇ ယောက်ကို ကယ်တင်နိုင်ခဲ့ပြီး သံသယရှိသူ ၃၆၆ ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တဆက်တည်းမှာပဲ Mirror Foundation လူပျောက်ရှာဖွေရေးဌာန အကြီးအကဲ ဧကာ လပ် လုံချွန်ခဲကတော့ အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြား လူငယ်တွေကြား ဖြစ်ပွားနေတဲ့ လူကုန်ကူးမှု အခြေအနေဟာ စိုးရိမ်ဖွယ်ရာ ဖြစ်လာကြောင်း မီးမောင်းထိုးပြခဲ့ပါတယ်။
သူ့ရဲ့ ပြောကြားချက်အရ အနည်းဆုံး လူငယ် ၁၉ ဦးဟာ ဆုကြေးကောင်းကောင်း ရနိုင်မယ်ဆိုတဲ့ ကတိကဝတ်တွေနဲ့ အိမ်နီးချင်းနိုင်ငံတွေဆီ လှည့်ဖြားခေါ်ဆောင်ခံခဲ့ရပြီး တကယ်တမ်းမှာတော့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေမှာ အတင်းအဓမ္မ အလုပ်စေခိုင်းခံခဲ့ကြရတာလို့ ဆိုပါတယ်။
ဒါ့အပြင် ဖောင်ဒေးရှင်းအနေနဲ့ ပြီးခဲ့တဲ့ တနှစ်တာအတွင်းမှာ ယောကျ်ားလေး ၉၆ ယောက်နဲ့ မိန်းကလေး ၁၆၉ ယောက် စုစုပေါင်း လူငယ် ၂၆၅ ယောက် ပျောက်ဆုံးနေကြောင်း တိုင်ကြားချက်တွေ လက်ခံရရှိခဲ့ကာ အဲဒီထဲက ၄၇ ယောက်ကိုတော့ အခုအချိန်တိုင်အောင် ပြန်မတွေ့ရသေးဘူးလို့ ပြောပါတယ်။
လူငယ်တွေ ပျောက်ဆုံးရခြင်းရဲ့ အဓိက အကြောင်းရင်းတွေထဲမှာ အိမ်ပြေးခြင်းက အများဆုံးဖြစ်နေပြီး သူ့နောက်မှာတော့ မိသားစု ပြိုကွဲမှုတွေ၊ လူကုန်ကူးသူတွေရဲ့ လှည့် ဖြားမှုတွေ ပါဝင်နေသလို ပြီးခဲ့တဲ့နှစ်အတွင်းမှာ ပြန်ပေးဆွဲခံရမှု ၈ ခုလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။
Ref : Thai PBS


