Home
ကျန်းမာရေး
ထိုင်းတွင် မျိုးဗီဇပြောင်း တုပ်ကွေးဗိုင်းရပ်စ်တမျိုး ပျံ့နှံ့နေ
DVB
·
January 8, 2026
Photo: Reuters

ထိုင်းနိုင်ငံမှာ မျိုးဗီဇပြောင်း တုပ်ကွေးဗိုင်းရပ်စ်တမျိုး ပျံ့နှံ့နေတဲ့အကြောင်း နာမည်ကြီး ဗိုင်းရပ်စ်ဗေဒဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာ ယောင်း ပူအိုဝရဝမ်ရဲ့ သတိပေးချက်ကို ကိုးကားပြီး Bangkok Post သတင်းမှာ ဒီကနေ့ ဖော်ပြပါတယ်။

ဒါပေမဲ့ A H3N2 အမည်ရတဲ့ အဆိုပါ ဗိုင်းရပ်စ်က ကာကွယ်ဆေးကို ပိုမိုခုခံနိုင်စွမ်း ရှိပေမဲ့ ရောဂါပြင်းထန်မှုနှုန်း မြင့်တက်လာခြင်း မရှိဘူးလို့ ဆိုပါတယ်။

ချူလာလောင်ကွန်းတက္ကသိုလ်၊ လက်တွေ့ဆေးဘက်ဆိုင်ရာ ဗိုင်းရပ်စ်ဗေဒဆိုင်ရာ ထူးချွန်စင်တာကို ဦးဆောင်နေသူ ဒေါက်တာယောင်းက  သူ့ရဲ့ တရားဝင် Facebook လူမှု ကွန်ရက်စာမျက်နှာပေါ်ကနေတဆင့် ရေးသားထားတာမှာတော့ တုပ်ကွေးဗိုင်းရပ်စ်ဟာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက်နေပြီး A H3N2 အမျိုးအစားရဲ့ မျိုးဗီဇပြောင်းလဲမှုကြောင့် လက်ရှိ ကာကွယ်ဆေးတွေရဲ့ ထိရောက်မှုကို သိသိသာသာ လျော့ကျစေတာကြောင့် စိုးရိမ်စရာဖြစ်လာကြောင်း ဖော်ပြထားတာပါ။

ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနရဲ့ အချက်အလက် မှတ်တမ်းတွေအရ ပြီးခဲ့တဲ့နှစ်အတွင်း  တုပ်ကွေးဖြစ်ပွားသူ အရေအတွက် စံချိန်တင်မြင့်မားခဲ့ကြောင်းနဲ့ ၂၀၂၅ ခု ဇန်နဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၆ ရက်အထိ တုပ်ကွေးဖြစ်ပွားသူ ၁ ဒသမ ၀၉ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

၂၀၂၅ ခုနှစ် အစောပိုင်းက A H1N1 (၂၀၀၉) ဗိုင်းရပ်စ်အမျိုးအစား ကူးစက်မှုများခဲ့ပေမဲ့ နှစ်ကုန်ပိုင်းမှာတော့ A H3N2 အမျိုးအစား စတင်ထွက်ပေါ်လာပြီး ဆက်လက် ပျံ့နှံ့နေတာလို့ ဆိုပါတယ်။

A H3N2 ဗိုင်းရပ်စ်အမျိုးအစားကတော့ ဆောင်းရာသီကာလ မြောက်ဘက်ခြမ်းဒေသ တလျှောက် ကျယ်ကျယ်ပြန့်ပြန့် ကူးစက်ပျံ့နှံ့နေပြီး သူက ကာကွယ်ဆေးကို ခုခံနိုင်စွမ်း ရှိတာကြောင့် လူနာအရေအတွက် ပုံမှန်ထက် ပိုများနိုင်ပေမဲ့ ရောဂါပြင်းထန်မှု အဆင့်ကတော့ မြင့်တက်မလာသလို တုပ်ကွေးသောက်ဆေးတွေရဲ့ ထိရောက်မှုကလည်း လျော့ကျခြင်းမရှိဘူးလို့ ဒေါက်တာ ယောင်က ရှင်းပြပါတယ်။

ဒါကြောင့်မို့ ပြည်သူတွေကို အကြံပြုချက်အနေနဲ့ ဗိုင်းရပ်စ်က ကာကွယ်ဆေးကို ခုခံနိုင်စွမ်းရှိလာပေမဲ့ တုပ်ကွေးကာကွယ်ဆေး ဆက်လက်ထိုးနှံဖို့ အကြံပြုထားသလို လက်ရှိကာကွယ်ဆေးတွေက ဘေးကင်းပြီး ဘေးထွက်ဆိုးကျိုးနည်းပါးကာ ဈေးနှုန်းလည်း မကြီးမြင့်ဘူးလို့ ပြောထားပါတယ်။

Ref: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013