
ကိုလံဘီယာသမ္မတ ဂူစတာဗိုပက်ထရိုက သူဟာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်နဲ့ ပထမဆုံး ဖုန်းပြောအပြီးမှာ ဝါရှင်တန်မှာ တွေ့ဆုံကြဖို့ ထရမ့်ပ်ရဲ့ အဆိုပြုချက်ကို လက်ခံခဲ့ကြောင်း ဇန်နဝါရီ ၇ ရက်မှာ ကြေညာပါတယ်။
ဖုန်းပြောဆိုမှုဟာ အချိန် ၁ နာရီကျော် ကြာမြင့်ခဲ့ပြီး ၂ နိုင်ငံအကြား တိုးလာနေတဲ့ တင်းမာမှုတွေကို လျော့ကျစေဖို့ ကူညီပေးခဲ့ပါတယ်။
အမေရိကန်စစ်တပ်က ဗင်နီဇွဲလားနိုင်ငံကို ဝင်ရောက်တိုက်ခိုက်ပြီး သမ္မတ နီကိုလပ်စ်မာဒူရိုကို ဖမ်းဆီးလိုက်ပြီးနောက် ကိုလံဘီယာနဲ့ အမေရိကန် တင်းမာမှုတွေ မြင့်တက်လာကာ ခုလိုဆက်သွယ်မှု လုပ်ဆောင်လာတာပါ။
ဖုန်းခေါ်ဆိုအပြီးမှာ ပက်ထရိုဟာ ဘိုဂိုတာရဲ့ သမိုင်းဝင် ဘိုလီဗာရင်ပြင်မှာ လူအုပ်ကြီးကို မိန့်ခွန်း ပြောကြားခဲ့ပြီး သူဟာ သန့်ရှင်းတဲ့စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအတွက် ဆက်လက်ထောက်ခံ အားပေးသွားမှာဖြစ်ပြီး ငြိမ်းချမ်းတဲ့ ဆွေးနွေးညှိနှိုင်းမှု ဖြစ်ပေါ်လာရေးကို မျှော်လင့်ကြောင်း ထုတ်ဖော်ပြောပါတယ်။
သူ့ရဲ့မိန့်ခွန်းထဲမှာ ပက်ထရိုက သူဟာ ဗင်နီဇွဲလားယာယီသမ္မတ ဒယ်လ်စီ ရိုဒရီဂတ်ဇ်နဲ့ ၂ ရက်အလိုက စကားပြောဆိုခဲ့ကြောင်းနဲ့ ဗင်နီဇွဲလားလူ့အဖွဲ့အစည်းကို တည်ငြိမ်စေဖို့အတွက် သုံးပွင့်ဆိုင်နဲ့ ကမ္ဘာလုံးဆိုင်ရာ ဆွေးနွေးမှုတွေ ဖော်ဆောင်ဖို့ ကိုလံဘီယာကို ဖိတ်ကြား ခဲ့တယ်လို့လည်း ထုတ်ဖော်ပြောပါတယ်။
ထရမ့်ပ်ကလည်း သူတို့ရဲ့ ဖုန်းပြောဆိုကြတဲ့ ဆွေးနွေးပွဲဟာ ရင်းရင်းနှီးနှီးရှိကြောင်းနဲ့ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနဲ့ ကိုလံဘီယာ နိုင်ငံခြားရေးဝန်ကြီးတို့က အိမ်ဖြူတော် အစည်းအဝေးကို စီစဉ်ပေးပါလိမ့်မယ်လို့ ထရုသ်ဆိုရှယ်မှာ အတည်ပြုထားပါတယ်။
Source: Reuters


