မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ပိုက်တဲကုန်းကျေးရွာအနီး ကင်းပတ်ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို Myingyan Black Tlger တော်လှန်ရေးတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်သား ၃ ဦး သေဆုံးပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်းရရှိခဲ့ကြောင်း Myingyan Black Tiger တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့ ည ၈ နာရီလောက်က မြင်းခြံမြို့အနောက်ဘက် ပိုက်တဲကုန်းကျေးရွာအနီးကို စစ်ကောင်စီတပ်က ကင်းပတ်ထွက်လာတာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များနဲ့အတူ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
Myingyan Black Tiger တပ်ဖွဲ့တာဝန်ခံ ဗိုလ်မိုက်ခဲက “အင်အား ၁၀ ယောက်ကျော်လောက်ရှိမယ် ကင်းပတ်ထွက်လာတာ။ ကျနော်တို့ တော်လှန်ရေးတပ်ဖွဲ့တွေ စောင့်ပြီး ကြားပြတ်တိုက်ခိုက်ခဲ့တာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးပြီး MA1 အမျိုးအစား သေနတ် ၁ လက်၊ ခဲယမ်းအချို့နဲ့ လက်ကိုင်ဖုန်းတလုံးပါ သိမ်းဆည်းရရှိခဲ့တယ်” လို့ ပြောပါတယ်။
တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ် ၉ တပ်ရင်းနဲ့အတူ MGN အညာသားပြောက်ကျားတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၆ ရက်နေ့ မနက် ၅ နာရီလောက်ကလည်း မြင်းခြံမြို့နယ် လေးအိမ်တန်းကျေးရွာရှိ ရွှေညောင်ပင်ဂိတ်အား MBT တပ်နဲ့ မဟာမိတ်တွေ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကူလာတဲ့တပ်ကိုလည်း ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ရာ စစ်သား ၁၀ ယောက်သေဆုံးခဲ့ပြီး ၂ ယောက် အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို Myingyan Black Tiger (MBT) မြင်းခြံခရိုင်အမှတ်(၉)တပ်ရင်းနဲ့အတူ Onemore စစ်ကြောင်း၊ မြင်းခြံခရိုင်အမှတ် (၂) တပ်ရင်း၊ မိုရှည်ဒါးယမ်းအဖွဲ့၊ YLK တပ်ဖွဲ့၊ အမေ့လက်ရုံးတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ မြေပြင်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။





