မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ စစ်ကောင်စီ လက်အောက်ခံတွေကို ဇန်နဝါရီ ၂ ရက်က စတင်ပြီး ၄ ရက်ဆက် တိုက်ခိုက်ခဲ့တာကြောင့် စစ်တပ်လက်အောက်ခံအရာရှိ ၁ ယောက်အပါအဝင် အများအပြား သေဆုံးခဲ့တယ်လို့ နတ်မောက်မြို့နယ် ပကဖ ရဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။
“အခုလ ၂ ရက်နေ့ကနေ ၅ ရက်နေ့ အထိဆိုတော့ ၄ ရက်အတွင်းမှာ ရန်သူ့လမ်းကြောင်းတွေကို ကြားဖြတ်တိုက်ခိုက်ခဲ့တာတွေအပြင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတဲ့ ဖြစ်စဥ်တွေထဲမှာ ရန်သူ့ဘက်က အရာရှိ တယောက်အပါအဝင် အများအပြား သေဆုံးခဲ့သလို ကားတစီးနဲ့ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရရှိခဲ့တယ်။”
နတ်မောက်မြို့နယ် ပကဖ ရဲ့ တော်လှန်ရေးရဲဘော်တွေဟာ ဇန်နဝါရီ ၂ ရက်က နတ်မောက်-ပျော်ဘွယ် လမ်းဟောင်းပေါ် စိုင်ကောင်းကျေးရွာဘက်ကနေ ထွက်လာတဲ့ စစ်ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
နတ်မောက်မြို့နယ် ပကဖ တာဝန်ခံ ကိုဆိပ်က “စိုင်ကောင်းရွာဘက်ကနေ နတ်မောက်-ပျော်ဘွယ် လမ်းဟောင်းပေါ်ကိုတက်လာပြီး ရွာမွန်ဘက်ကို မောင်းလာတဲ့ စစ်သား ၃ ယောက်ပါတဲ့ကားကို သစ်လှကျင်းရွာနားမှာ ကြားဖြတ်တိုက်ခိုက်ခဲ့ကြတုန်းက ကားပေါ်မှာပါလာတဲ့ အရာရှိ ၁ ယောက် အပါအဝင် ၂ ယောက်သေတယ်။ TOYOTA HILUX SURF ကား ၁ စီး၊ MA သေနတ် ၂ လက်နဲ့ ကျည်ဘောက်တွေအပြင် ကျည်တွေလည်း ရလိုက်သေးတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် ဇန်နဝါရီ ၃ ရက် မနက်က နတ်မောက်မြို့နယ်အနောက်ခြမ်း၊ တဲကြီးကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတဲ့ မြေပြင်စစ်ကြောင်းနဲ့ ဇန်နဝါရီ ၄ ရက် မနက်က တဲကြီးကျေးရွာကနေ ဖန်းခါးစမ်းကျေးရွာဘက်ကို ဆက်လက်စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းတို့ကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
“အင်အား ၅၀ လောက်နဲ့ တဲကြီးရွာဘက်ကို ထိုးလာတဲ့ စစ်ကြောင်းကို မိုင်းဆွဲခဲ့ကြတုန်းကတော့ သူတို့ဘက်က ၃ ယောက် သေတယ်။ အဲဒီစစ်ကြောင်းက တဲကြီးရွာကနေ ဖန်းခါးစမ်းရွာဘက်ကို နောက်ရက်မှာ ဆက်ထွက်လာတော့လည်း မိုင်းကွင်းထဲမှာ မိုင်းထပ်ဆွဲလိုက်လို့ ၁၀ ယောက်ထက်မနည်း သေပြီးတော့ အဲဒီ မိုင်းဆွဲတဲ့ ၂ ကြိမ်မှာ ဒဏ်ရာရသူက ၁၅ ယောက်နီးပါးရှိတယ်လို့ သိရတယ်။”
ဇန်နဝါရီ ၅ ရက် မနက်ကလည်း နတ်မောက်မြို့နယ်အရှေ့ခြမ်းမှာရှိတဲ့ ဂွေးတောက်ကုန်းကျေးရွာဘက်ကို နတ်မောက်မြို့ပေါ်ကနေ အင်အား ၇၀ နီးပါး နဲ့ ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြီး သေဆုံးဒဏ်ရာရမှု အခြေအနေကိုတော့ ဆက်လက်စုံစမ်းနေတယ်လိ့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဟာ နတ်မောက်မြို့နယ်ထဲကို မြေပြင်စစ်ကြောင်းထိုးတာတွေအပြင် လက်နက်ကြီး ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့ သတိနဲ့ သွားလာနေထိုင်ကြဖို့လည်း နတ်မောက်အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့တွေက သတိပေး ထုတ်ပြန်ထားပါတယ်။







