
ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ ပို့ကုန်ရငွေပမာဏရဲ့ ၂၅ ရာခိုင်နှုန်း မြန်မာကျပ်ငွေနဲ့ မဖြစ်မနေ လဲလှယ်ဖို့ သတ်မှတ်ထားရာကနေ ၁၅ ရာခိုင်နှုန်းသာ လဲလှယ်ရတော့မယ်လို့ စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ်က ဒီဇင်ဘာ ၇ ရက် နေ့စွဲနဲ့ ပြောင်းလဲသတ်မှတ်လိုက်ပါတယ်။
အခုလို ပြောင်းလဲသတ်မှတ်တဲ့ ၁၅ ရာခိုင်နှုန်းက ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှာ စတင်အသက်ဝင်မှာ ဖြစ်တယ်လို့လည်း စစ်ကောင်စီဗဟိုဘဏ်ရဲ့ အမိန့်ကြော်ငြာစာမှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ ဗဟိုဘဏ်ဟာ ပို့ကုန်လုပ်ငန်းရှင်တွေကို ဗဟိုဘဏ်သတ်မှတ်ဈေး တဒေါ်လာ ၂,၁၀၀ ကျပ်နှုန်းနဲ့ မဖြစ်မနေ လဲလှယ်စေတဲ့ ပမာဏကို တဖြည်းဖြည်းချင်း လျှော့ချနေတာပါ။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဩဂုတ်လတုန်းက ၃၅ ရာခိုင်နှုန်းအစား ၂၅ ရာခိုင်နှုန်း ပြောင်းလဲ သတ်မှတ်ခဲ့တာဖြစ်ပြီး တနှစ်ခွဲနီးပါးအကြာမှာ အခုလို ထပ်မံဖြေလျှော့လိုက်တာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်က လုပ်တဲ့ မြန်မာနိုင်ငံ ကုန်သည်စက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အစည်းအဝေးမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပို့ကုန်ရငွေတွေကို ဗဟိုဘဏ်ပေါက်ဈေး ၂,၁၀၀ ကျပ်နဲ့ လဲလှယ်နေရတာကို ဖြေလျှော့ပေးမယ်လို့ ပြောကြားခဲ့ပြီး နောက်ပိုင်းမှာ အခုလို ဖြေလျှော့လာတာ ဖြစ်ပါတယ်။ ဒါပေမဲ့ အလုံးစုံဖြေလျှော့တာတော့ မဟုတ်သေးပါဘူး။
တဖက်မှာလည်း ပို့ကုန်လုပ်ငန်းရှင်တွေအနေနဲ့ အာရှနိုင်ငံတွေကို တင်ပို့ရင် ရက်ပေါင်း ၃၀ အတွင်း ပြန်ဝင်ရမှာဖြစ်ပြီး အာရှပြင်ပနိုင်ငံတွေကို တင်ပို့မယ်ဆိုရင် ရက်ပေါင်း ၆၀ အတွင်း ပြန်ဝင်ရမယ်လို့ သတ်မှတ်ထားပါတယ်။ သတ်မှတ်ချက်မလိုက်နာတဲ့ ကုမ္ပဏီတွေနဲ့ ကုမ္ပဏီဒါရိုက်တာတွေကိုလည်း အမည်ပျက်စာရင်းသွင်းပြီး အရေးယူ ဆောင်ရွက်နေပါတယ်။
စစ်ကောင်စီဟာ ပို့ကုန်ရငွေတွေအပြင် ပြည်ပရောက် အလုပ်သမားတွေကိုလည်း လစာရဲ့ ၂၅ ရာခိုင်နှုန်းကို ပြည်တွင်းကို မဖြစ်မနေ ပြန်ပို့အောင် အလုပ်သမားစေလွှတ်တဲ့ အေဂျင်စီတွေကို ဖိအားပေးနေပြီး အဲဒီလို ပြန်ပို့တဲ့စာရင်း မတင်ပြနိုင်တဲ့ အေဂျင်စီတွေကို အရေးယူတာတွေလည်း လုပ်ဆောင်နေပါတယ်။
လက်ရှိမှာတော့ အမေရိကန်ဒေါ်လာဈေးဟာ လပေါင်းများစွာ ငြိမ်နေပြီး အခုအခါမှာ အမေရိကန် တဒေါ်လာ ၄,၀၀၀ ကျပ် ဝန်းကျင်မှာ ရှိနေပါတယ်။


