Home
မြန်မာသတင်း
စီးပွားရေးစနစ်အတွင်း များပြားနေသည့် ပိုလျှံငွေများကို နုတ်သိမ်းရန် ဗဟိုဘဏ် စီစဉ်
DVB
·
October 4, 2025

မြန်မာပြည်ရဲ့ စီးပွားရေးစနစ်အတွင်း ပိုလျှံငွေကြေးတွေ ဖြစ်ပေါ်နေတာကြောင့် ငွေကြေးဖောင်းပွမှုမဖြစ်စေဖို့ အဲဒီများပြားနေတဲ့ ပိုလျှံငွေတွေကို နည်းလမ်း ၂ ရပ်နဲ့ နုတ်သိမ်းဖို့ ဆုံးဖြတ်ထားတယ်လို့ စစ်ကောင်စီ လက်အောက်ခံ မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာ ၃ ရက်မှာ ကြေညာပါတယ်။

အဲဒါကတော့ ဘဏ်တွေအနေနဲ့ ဗဟိုဘဏ်မှာ မြန်မာကျပ်ငွေနဲ့ ၂၈ ရက်တာ ထိန်းသိမ်းထားရှိရမယ့် ငွေသားပမာဏထက် ကျော်လွန်တဲ့ ငွေသားပမာဏ (Average Excess Reserve) ကို တိုးမြှင့်ပြီး အဲဒီပိုလျှံငွေတွေအပေါ်ပေးတဲ့ အတိုးနှုန်း (Interest on Average Excess Reserve) ကို ငွေကြေးဈေးကွက် ၁ လသက်တမ်း(ပျမ်းမျှ)အတိုးနှုန်းနဲ့ ပြင်ဆင်သတ်မှတ်သွားမှာ ဖြစ်ပါတယ်။ ဘယ်လောက်တိုးမြှင့်မယ်ဆိုတာကိုတော့ ကြေညာချက်ထဲမှာ ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။ 

၂၀၂၄ ခုနှစ်ကလည်း အခုလိုမျိုး တိုးမြှင့်သတ်မှတ်ခဲ့ဖူးပါတယ်။ ဘဏ်တွေအနေနဲ့ ၎င်းတို့ရဲ့ ငွေကြေးတွေအနက် ရာခိုင်နှုန်းတခုကို ဗဟိုဘဏ်မှာ မြန်မာကျပ်ငွေနဲ့ ၂၈ ရက်တာ ထိန်းသိမ်းထားရှိရတာဖြစ်ပြီး အဲဒီငွေကို Minimum Reserve Requirement Ratio (အနည်းဆုံးထားရှိရမယ့် သီးသန့်ငွေပမာဏ) လို့ ခေါ်ပါတယ်။

အဲဒီသီးသန့်ငွေပမာဏကို အရင် ၃ ဒသမ ၅ ရာခိုင်နှုန်း သတ်မှတ်ထားရာကနေ ၂၀၂၄ ခုနှစ်မှာ ၃ ဒသမ ၇၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ပါတယ်။

အဲဒီပမာဏထက် ကျော်လွန်ပြီး ဗဟိုဘဏ်မှာ ထားရှိတဲ့ငွေတွေ (Excess Reserve)အပေါ် ဗဟိုဘဏ်က အတိုးပေးတာဖြစ်ပြီး အဲဒီပိုလျှံငွေတွေအပေါ် ပေးတဲ့ အတိုးနှုန်း (Interest on Excess Reserve) ကို ၂၀၂၄ ခုနှစ်မှာ ၃ ဒသမ ၆ ရာခိုင်နှုန်း တိုးမြှင့်သတ်မှတ်ခဲ့ပါတယ်။

အတိုးပေးရာမှာလည်း ပိုလျှံငွေ ကျပ် ၇ ဘီလီယံအထက်နဲ့ ကျပ် ၅၀ ဘီလီယံအောက်ကိုသာ အတိုးပေးခဲ့ပါတယ်။ 

ဗဟိုဘဏ်ကတော့ အခုလို ပိုလျှံငွေကြေးတွေ များပြားလာတာဟာ ဒီဂျစ်တယ်ငွေပေးချေမှုစနစ် ပိုမို သုံးစွဲလာလို့ ဘဏ်လုပ်ငန်းစနစ်အတွင်း အပ်နှံငွေတွေ တိုးမြင့်လာတာကြောင့် ဘဏ်တွေက ဗဟိုဘဏ်မှာ အပ်နှံငွေပမာဏလည်း မြင့်တက်လာပြီး ပိုလျှံငွေကြေးတွေ များပြားလာတာလို့ ဆိုထားပါတယ်။

ဒါပေမဲ့ လေ့လာစောင့်ကြည့်သူ တချို့ကတော့ အဲဒီလို ပိုလျှံငွေကြေးတွေ များပြားလာတာရဲ့ အကြောင်းရင်းထဲမှာ ငွေစက္ကူပိုမို ရိုက်ထုတ်တဲ့ အချက်လည်း ပါဝင်နေတယ်လို့ သုံးသပ်ကြပါတယ်။

ဗဟိုဘဏ် ဆောင်ရွက်မယ့် အခုမူဝါဒကြောင့် လက်ရှိ အတန်အသင့်မြင့်နေတဲ့ ငွေကြေးဖောင်းပွမှုနှုန်းနဲ့ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းမှုကို ထိန်းချုပ်နိုင်ပြီး ဘဏ်လုပ်ငန်း‌တွေမှာ အတိုးဝင်ငွေရရှိမှုတိုးတက်လာနိုင်တာကြောင့် ဘဏ်လုပ်ငန်းကဏ္ဍတည်ငြိမ်မှု ၊ ငွေရေးကြေးရေး တည်ငြိမ်မှုတို့ကိုလည်း အထောက်အကူဖြစ်စေတယ်လို့ ဗဟိုဘဏ်ရဲ့ ကြေညာချက်မှာ ဖော်ပြ ပါတယ်။ 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013