
စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်း ထပ်မံထုတ်ရောင်းမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က သြဂုတ် ၂၆ ရက်မှာ ကြေညာပါတယ်။
ဗဟိုဘဏ်က အခုလအတွင်း စက်သုံးဆီကဏ္ဍအတွက် စတုတ္ထအကြိမ်မြောက် အမေရိကန်ဒေါ်လာထုတ်ရောင်းမှု ဖြစ်ပြီးစုစုပေါင်း အမေရိကန်ဒေါ်လာ ၁၂၆ သန်းအထိ ရောင်းချပေးထားပြီး ဖြစ်ပါတယ်။
ဒါ့အပြင် တခြား သွင်းကုန်လုပ်ငန်းရှင်တွေအတွက် တရုတ် ယွမ် ၁၅ သန်းလည်း ရောင်းချပေးမယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။
စက်သုံးဆီဈေး မြင့်တက်မှုကနေ အခြေခံကုန်ဈေးနှုန်းကြီးမြင့်မှု မဖြစ်အောင် ရည်ရွယ်ပြီး စက်သုံးဆီနဲ့ တခြားသွင်းကုန်လုပ်ငန်းရှင်တွေ လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို စစ်ကောင်စီ ဗဟိုဘဏ်က မကြာခဏ ထုတ်ရောင်းနေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ တဘက်မှာတော့ ပြည်ပသွင်းကုန်လျှော့ချပြီး ပြည်တွင်းထုတ်ကုန် တိုးမြှင့်ဖို့ဆိုပြီး ကုန်ပစ္စည်းတင်သွင်းတာတွေကို ထိန်းချုပ် ကန့်သတ်တာတွေ လုပ်နေတာကြောင့် ကုန်ပစ္စည်းရှားပါးပြီး ဈေးနှုန်းကြီးမြင့် နေပါတယ်။
နယ်စပ်ဒေသက တရားမဝင် ကုန်သွယ်မှုတွေကနေ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဝင်ငွေရနေတာကြောင့် နယ်စပ်ဒေသ တရားမဝင် ကုန်သွယ်မှုတွေကို ထိထိရောက်ရောက် ကိုင်တယ်ဆောင်ရွက်ရမယ်လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီလ အစောပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
ဒီနောက် နယ်စပ်လမ်းကြောင်းက ဝင်ရောက်တဲ့ ကုန်စည်တွေကို ပိတ်ပင်တားမြစ်တာ လုပ်နေတဲ့အပြင် ဩဂုတ် ၁၈ ရက်ကလည်း ထိုင်း-မြန်မာ ကုန်သွယ်ရေးမှာ အရေးကြီးတဲ့ နှစ်နိုင်ငံ ချစ်ကြည်ရေးတံတား အမှတ်၂ ကို ပိတ်လိုက်ပါတယ်။
အကျိုးဆက်အနေနဲ့ ပြည်တွင်းမှာ ထိုင်းနိုင်ငံက သွင်းလာတဲ့ ကုန်စည်တွေ ရှားပါတာ၊ ရုတ်ချည်း ဈေးမြင့်တက်သွားတာတာတွေ ဖြစ်ပေါ်နေပါတယ်။