
စစ်တပ် လက်အောက်ခံ ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းတွေအတွက် အမေရိကန်ဒေါ်လာ ၃၂ သန်ကို ဩဂုတ်လထဲမှာ ဒုတိယအကြိမ်အဖြစ် ထပ်မံရောင်းချမယ်လို့ ကြေညာပါတယ်။
အမေရိကန်ဒေါ်လာဈေးဟာ ဩဂုတ် ၁၄ ရက် ဒီနေ့ မနက်ပိုင်းမှာ တဒေါ်လာကို ကျပ် ၄,၄၀၀ ဝန်းကျင်ရှိနေပြီး လွန်ခဲ့တဲ့ ဇန်နဝါရီလလယ်ပိုင်းက ကျပ် ၄,၈၀၀ ဝန်းကျင်ကနေ တဖြည်းဖြည်း ဈေးပြန်ကျဆင်းလာတာ ဖြစ်ပါတယ်။
ဒေါ်လာဈေး ပြန်ကျဆင်းလာပေမဲ့ ရန်ကုန်အထိုင် ဓာတ်ဆီဈေးကတော့ ပြီးခဲ့တဲ့ သီတင်းပတ်ထက် တလီတာကို ၆၀ ကျပ်ခန့် မြင့်တက်လာပါတယ်။
ဗဟိုဘဏ်အနေနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်ဖို့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေရဲ့ ဒေါ်လာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ Online Trading Platform ကို အသုံးပြုပြီး ဒေါ်လာထုတ်ရောင်းမှုတွေ ဆက်တိုက် ပြုလုပ်နေတာပါ။
ဗဟိုဘဏ်ရဲ့ Online Trading စနစ်အရ ဩဂုတ် ၁၃ ရက်နေ့မှာ အရောင်းအဝယ် ပြုလုပ်ခဲ့တဲ့ အမေရိကန်ဒေါ်လာ ငွေလဲနှုန်းက ကျပ် ၃,၆၂၃ ရှိခဲ့ပြီး တဖြည်းဖြည်း မြင့်တက်လာတာကို တွေ့ရပါတယ်။