
ဂျပန်နိုင်ငံ၊ ချူးငိုခုဒေသမှာ ဇန်နဝါရီ ၆ ရက်ဒီနေ့မနက် ပြင်းအား ရစ်ချ်တာစကေး ၆ ဒသမ ၂ ရှိတဲ့ ငလျင်တခု လှုပ်ခတ်ပြီး နောက်ဆက်တွဲ ငလျင်တွေ ဆက်တိုက်လှုပ်ခတ်ခဲ့ပါတယ်။
အဲဒီနောက် ဂျပန်အနောက်ပိုင်းက နျူကလီးယားဓာတ်အားပေးစက်ရုံ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ မိခင်ကုမ္ပဏီက ပြောပါတယ်။
ပထမဆုံး ငလျင်ရဲ့ ဗဟိုချက်က အရှေ့ပိုင်းရှီမာနဲစီရင်စုမှာဖြစ်တာလို့ ဂျပန်မိုးလေဝသအေဂျင်စီက ပြောခဲ့ပြီး ဆူနာမီ အန္တရာယ်မရှိဘူးလို့ ထပ်ပြောခဲ့ပါတယ်။
ရှီမာနဲ နျူကလီးယားဓာတ်အားပေးစက်ရုံကနေ မိုင် ၂၀ အကွာမှာ လည်ပတ်နေတဲ့ ချူငိုခု လျှပ်စစ်ဓာတ်အားပေးစက်ရုံက အမှတ် ၂ ယူနစ်မှာ ပုံမှန်အတိုင်း လည်ပတ်နေတယ်လို့ ပြောပါတယ်။
ဂျပန်နျူကလီးယား စည်းမျဉ်းထိန်းသိမ်းရေး အာဏာပိုင်က ငလျင်လှုပ်ခတ်ပြီးတဲ့နောက် မူမမှန်တာတွေ မရှိဘူးလို့ ပြောပါတယ်။
လုံခြုံရေးကင်မရာမှတ်တမ်းတွေအရ ဒီနေ့မနက် ဒေသစံတော်ချိန် မနက် ၁၀ နာရီ ၁၈ မိနစ်မှာ ငလျင်လှုပ်ခတ်ချိန်မှာ ရှီမာနဲနျူကလီးယား ဓာတ်အားပေးစက်ရုံ တုန်ခါနေတာကို ပြသထားပါတယ်။
ငလျင်လှုပ်ခတ်ပြီးတဲ့နောက် ရှင်း-အိုဆာကာနဲ့ ဟာကာတာ ကြားက ရှင်းကန်းဆန်း ကျည်ဆန်ရထား ပြေးဆွဲတာတွေကို ရပ်ဆိုင်းထားတယ်လို့ ဂျပန်အနောက်ပိုင်း မီးရထားဌာနက ပြောပါတယ်။
ဂျပန်နိုင်ငံရဲ့ အဆင့် ၁ ကနေ ၇ ထိ သတ်မှတ်ထားတဲ့ စကေးမှာ အခုငလျင်က ၅ အဆင့် ပြင်းအားရှိပြီး အထောက်အပံ့မပါဘဲ ရွေ့လျားဖို့ ခက်လောက်အောင် ပြင်းထန်ပါတယ်။
ကမ္ဘာပေါ်မှာ ငလျင်အလှုပ်ရှားဆုံးဒေသတွေထဲက တခုဖြစ်တဲ့ ဂျပန်နိုင်ငံမှာ ငလျင်တွေ မကြာခဏ လှုပ်ခတ်လေ့ရှိပါတယ်။ ကမ္ဘာပေါ်မှာ ရစ်ချ်တာစကေး ၆ နဲ့အထက်မှာရှိတဲ့ ငလျင်အားလုံးရဲ့ ၅ ပုံ ၁ ပုံလောက်က ဂျပန်နိုင်ငံမှာ လှုပ်ခတ်လေ့ရှိပါတယ်။
Source: Reuters


