
ဂျပန်နိုင်ငံက တိုကျို၊ နာဂိုရာ၊ အိုဆာကာ စတဲ့ မြို့ကြီး ၃ မြို့မှာ ဆရာမ မသီတာ (စမ်းချောင်း) ရဲ့ ၂၀၂၆ ခုနှစ် နှစ်သစ်မှာကြိုဆိုတဲ့ စာပေဟောပြောပွဲတွေ ကျင်းပသွားမယ်လို့ ပွဲစီစဉ်သူတွေဆီကနေ သိရပါတယ်။
စာပေဟာ ပြောင်းလဲမှုရဲ့ အစဖြစ်ပြီး မျှော်လင့်ချက်ရဲ့အသံ ဖြစ်တဲ့အတွက် ဂျပန်ရောက် မြန်မာလူငယ်တွေ မြန်မာပြည်သူပြည်သားတွေရဲ့ မျှော်လင့်ချက်နဲ့ ယုံကြည်ချက်တွေကို တစုတစည်းတည်း သိရှိနားလည် လေ့လာနိုင်စေဖို့ ရည်ရွယ်ပြီး ဒီစာပေဟောပြောပွဲကို ကျင်းပမှာလို့ ဆိုပါတယ်။
အမိမြန်မာပြည်ကို လွမ်းဆွတ်ရတဲ့ အကြောင်းအရင်းတွေထဲက စာပေ၊ အသိပညာနဲ့ အတွေ့အကြုံတွေကို တိုက်ရိုက်နားဆင်နိုင်တဲ့ စာပေဟောပြောပွဲတွေဟာ အရေးပါတာကြောင့် ဂျပန်နိုင်ငံအတွင်းရှိ မြို့ကြီး ၃ မြို့မှာ စာပေဟောပြောပွဲတွေကို ကျင်းပသွားဖို့ ရှိနေတာလို့ ပွဲစီစဉ်သူက ဆိုပါတယ်။
စာရေးဆရာမ မသီတာ(စမ်းချောင်း)ဟာ နိုင်ငံရေးအကျဉ်းသူဟောင်း တယောက်ဖြစ်ပြီး “မနက်ဖြန်အတွက် ဒီကနေ့” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂျပန်နိုင်ငံခရီးစဉ်အတွင်းမှာ ဟောပြော ဆွေးနွေးသွားမှာပါ။
ဒီစာပေဟောပြောပွဲမှာ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ စာပေ ၃ မျိုးစလုံးကို ဟောပြောသွားမှာ ဖြစ်ပြီး နာဂိုယာမြို့မှာ ဇန်နဝါရီ ၁၁ ရက်၊ တိုကျိုမြို့မှာ ဇန်နဝါရီ ၁၈ ရက်နဲ့ အိုဆာကာမြို့မှာ ဇန်နဝါရီ ၂၅ ရက်တွေမှာ လှည့်လည်ဟောပြောသွားမှာ ဖြစ်ပါတယ်။
ဒီစာပေဟောပြောပွဲတွေကို ဝင်ကြေးကောက်ခံတာမျိုး မရှိဘဲ အခမဲ့နဲ့ လာရောက် နားထောင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။


