
Nvidia ကုမ္ပဏီရဲ့ အကြီးအကဲ ဂျန်ဆင်ဟွမ်က မောင်းသူမဲ့ကားတွေကို လူသားတွေလိုမျိုး စဉ်းစားဆင်ခြင်နိုင်စွမ်းရှိအောင် အဲလ်ပါမာယို (Alpamayo) ဆိုတဲ့ နည်းပညာသစ်အကြောင်း မိတ်ဆက်သွားပါတယ်။
အဲဒီနောက် “တနေ့ တချိန်မှာ ကျနော်တို့ရဲ့ ရည်မှန်းချက်ဟာ ကားမှန်သမျှနဲ့ ကုန်တင်ယာဉ်တိုင်း အလိုအလျောက် မောင်းနှင်တဲ့စနစ်တွေ ဖြစ်လာဖို့ပါပဲ” ဆိုပြီး ဟွမ် အနေနဲ့ မှတ်ချက်ပြုပါတယ်။
ဒါ့အပြင် “အဲလ်ပါမာယိုက မောင်းသူမဲ့ယာဉ်တွေကို ကျိုးကြောင်းဆင်ခြင်နိုင်စွမ်း ထောက်ပံ့ပေးမှာ ဖြစ်ပြီး ကြုံတောင့်ကြုံခဲ အခြေအနေတွေအပေါ် စဉ်းစားသုံးသပ်တာ၊ ရှုပ်ထွေးတဲ့ဝန်းကျင်တွေမှာ ဘေးကင်းလုံခြုံအောင် မောင်းနှင်ပေးတာနဲ့ သူတို့ ဆုံးဖြတ်ချက်အကြောင်း ပြန်လည် ရှင်းပြတာမျိုးအထိ လုပ်ဆောင်ပေးနိုင်တယ်” လို့လည်း ဖြည့်စွက်ပြောပါတယ်။
တချိန်တည်းမှာ ဂျာမန်ကားကုမ္ပဏီကြီး မာစီးဒီးစ်-ဘန့်ဇ် (Mercedes-Benz) နဲ့အတူ ပူးပေါင်းပြီး Nvidia နည်းပညာသုံး မောင်းသူမဲ့ကားကိုပါ စတင်ထုတ်လုပ်နေပြီ ဖြစ်ကြောင်း ဟွမ်က အတည်ပြု ပါတယ်။
လာမဲ့လပိုင်းအတွင်း အမေရိကန်နိုင်ငံမှာ အရင်ဆုံး ဖြန့်ချိသွားမှာ ဖြစ်သလို ဥရောပနဲ့ အာရှအထိ ဆက်လက်တိုးချဲ့သွားဖို့ ရှိတယ်လို့လည်း သိရပါတယ်။ အဲဒီစီမံကိန်းက Autopilot ဆော့ဖ်ဝဲလ်ကို အသုံးပြုနေတဲ့ အီလွန်မက်စ် ပိုင်ဆိုင်ရာ Tesla လိုမျိုး ကုမ္ပဏီတွေအတွက် ခြိမ်းခြောက်မှုတရပ် ဖြစ်လာနိုင်ပါတယ်။
လာမဲ့နှစ်မှာ Nvidia က မိတ်ဖက်ကုမ္ပဏီတစ်ခုနဲ့ ပူးပေါင်းပြီး Tesla လိုမျိုး စက်ရုပ်တက္ကစီ (Robotaxi) ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားပေမဲ့လည်း အသေးစိတ်ကိုတော့ ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
အလားတူ Nvidia က ရူဘင် (Rubin) အမည်ရ AI ချစ်ပ်ပြားတွေကိုပါ ထုတ်လုပ်လျက်ရှိပြီး အခုနှစ်နှောင်းပိုင်းမှာ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ ဒါဟာ Nvidia မှာရှိပြီးသား ချစ်ပ်တွေထက် ပိုမိုနည်းပါးတဲ့ စွမ်းအင်သုံးစွဲမှုနဲ့ တွက်ချက်တာတွေ လုပ်ဆောင်ပေးနိုင်သလို နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကုန်ကျစရိတ်တွေလည်း လျှော့ချပေးနိုင်ကြောင်း သိရပါတယ်။
ကမ္ဘာ့တန်ကြေးအမြင့်ဆုံး Nvidia ကုမ္ပဏီရဲ့ နောက်ဆုံးပေါ် တီထွင်မှုတွေနဲ့ ပတ်သက်ပြီး လက်စ်ဗီးဂတ်စ်မြို့မှာ ကျင်းပလျက်ရှိတဲ့ CES နည်းပညာပြပွဲအတွင်း စီးအီးအို ဟွမ် ကိုယ်တိုင် ပွဲထုတ်လာခဲ့တာပါ။
Source: Reuters


