
ထိုင်း-မြန်မာနယ်စပ် မြန်မာဘက်ခြမ်း မြဝတီမြို့နယ်မှာ လုပ်ကိုင်နေတဲ့ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ကမ္ဘောဒီးယားနိုင်ငံဘက်ကို ပြောင်းရွှေ့နေတဲ့အကြောင်း ထိုင်းတော်ဝင်ရဲတပ်ဖွဲ့ရဲ့ပြောဆိုချက်ကို ကိုးကားပြီး The Nation Thailand သတင်းမှာ ဇန်နဝါရီ ၅ ရက်က ဖော်ပြပါတယ်။
ထိုင်းတော်ဝင်ရဲတပ်ဖွဲ့၊ ဆိုင်ဘာငွေလိမ်မှု တိုက်ဖျက်ရေးဌာန (ACSC) က သူတို့ရဲ့ ထောက်လှမ်းရေးသတင်းတွေအရ ခုလို ပြောလိုက်တာဖြစ်ပါတယ်။
အဆိုပါ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ သူတို့ရဲ့ အခြေစိုက်စခန်းတွေကို မြန်မာနိုင်ငံ နယ်စပ်မြို့တွေကနေ ကမ္ဘောဒီးယားနိုင်ငံ၊ ဘန်တေးမိချေခရိုင်၊ မာလိုင်မြို့ဆီ ပြောင်းရွှေ့ကာ စခန်းအသစ်တခုကိုတည်ထောင်ထားကာ အဆိုပါစခန်းဟာ နယ်စပ် ပွိုင်ပက်မြို့ကနေ ကီလိုမီတာ ၅၀ လောက်အကွာမှာ တည်ရှိတယ်လို့ ဆိုပါတယ်။
အခု ကျားဖြန့်ဂိုဏ်းနေရာအသစ်ကိုတော့ တည်ဆောက်ရေးလုပ်ငန်းတွေ တစိတ်တပိုင်း လုပ်ကိုင်နေဆဲဖြစ်ပြီး မာလိုင်ပန်းခြံအနီး လုပ်ငန်းခွင်နဲ့ လူနေအဆောက်အအုံတွေ သီးခြားစီ ခွဲခြားထားတဲ့ ၂ ထပ် အဆောက်အအုံတွေအဖြစ် ဖွဲ့စည်းထားတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အဆိုပါကျားဖြန့်စခန်းကို ထပ်မံချဲ့ထွင်နေသလို အဲဒီမှာ ထိုင်း၊ အိန္ဒိယနဲ့ အင်ဒိုနီးရှား တို့အပါအဝင် နိုင်ငံအများအပြားက ဝန်ထမ်းတွေ ရှိနေကြောင်းလည်း သိရတဲ့အပြင် တရုတ်နိုင်ငံသားတွေက အဆိုပါလုပ်ငန်းတွေကို ဦးဆောင်နေပြီး ကမ္ဘာတဝန်းက လူတွေကို လိမ်လည်လှည့်ဖြားဖို့ အသုံးပြုနေတာဖြစ်ကြောင်းလည်း ACSC က ပြောပါတယ်။
မြန်မာနိုင်ငံ မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုနဲ့ KK Park တို့က ကျားဖြန့် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကို ထိုင်း၊ တရုတ်နဲ့ မြန်မာအာဏာပိုင်တွေ ပူးပေါင်းနှိမ်နင်းခဲ့ပြီးနောက် ခုလို ကမ္ဘောဒီးယားနိုင်ငံဘက် ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။
အဆိုပါဂိုဏ်းတွေဟာ သူတို့ရဲ့ ဘေးကင်းလုံခြုံရေးအတွက်သာမက ထိုင်းနဲ့ ကမ္ဘောဒီးယား နယ်စပ်တင်းမာမှု နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရှောင်ရှားနိုင်ဖို့ ကမ္ဘောဒီးယားနိုင်ငံ အတွင်းပိုင်းထိ ပြောင်းရွှေ့သွားခဲ့တာလို့လည်း ဆိုပါတယ်။
လတ်တလောမှာတော့ ACSC အနေနဲ့ မာလိုင်မြို့က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းတွေက ထိုင်းပြည်သူတွေကို ပစ်မှတ်ထားခြင်းကနေ ကာကွယ်နိုင်ရေး နည်းလမ်းတွေကို ဆွေးနွေးသွားမှာ ဖြစ်ကြောင်းနဲ့ လက်ရှိအခြေအနေမှာ ပိုမိုပြင်းထန်ကာ ရှုပ်ထွေးလာတာကြောင့် နိုင်ငံတကာ အသိုက်အဝန်းအနေနဲ့လည်း အဲဒီလိုတရားမဝင်ဘဲ အန္တရာယ်ရှိတဲ့ လုပ်ငန်းတွေကို လက်ခံမထားဖို့ တားဆီးမယ့် အစီအမံတွေကို စဉ်းစားသင့်ကြောင်းလည်း ပြောလိုက်ပါတယ်။
Source: The Nation Thailand


