ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဒီဇင်ဘာ ၂၇ ရက် ညကဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုမှာ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် တယောက် အပါအဝင် ၉ ယောက် ထိခိုက်ဒဏ်ရာရရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကျင်းပမဲ့ အကြိုညမှာ ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရလို့ မြဝတီမြို့ အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်ဈေးရှေ့၊ ဘုရင့်နောင်လမ်းပေါ်ရှိ ကြံ့ခိုင်ရေးရုံးပါတီရုံးရှေ့မှာ ဗုံးကွဲမှုမှာ ရဲတယောက်နဲ့ ကလေးငယ်တယောက် ထိခိုက်ဒဏ်ရာရသွားပါတယ်။
ပေါက်ကွဲမှုနောက်ပိုင်း ပြည်သူတွေ လာရောက်ကြည့်ကြတဲ့အချိန်မှာပဲ နောက်ထပ်တလုံး ပေါက်ကွဲတာကြောင့် ရဲအပါအဝင် စုစုပေါင်း ၉ ယောက် မိုင်းစ ထိမှန်ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
ရွေးကောက်ပွဲမတိုင်ခင် မနေ့ ည ၈ နာရီမှ ၁၂ နာရီအထိကို မိုင်း ဒရုန်းပေါက်ကွဲမှု ၆ နေရာ ပေါက်ကွဲခဲ့တာမှာ နေအိမ် ၁၀ လုံးကျော် ပျက်စီးသွားတယ်လို့လည်း ဒေသခံပြည်သူ တယောက်က ပြောပါတယ်။
မိုင်းပေါက်ကွဲမှုမှာ လမ်းဘေးရပ်ထားတဲ့ ကားအနည်းငယ် မှန်ကွဲတာရှိပြီး ပြည်သူအိမ် တချို့လည်း ပျက်စီးသွားတာ ရှိပါတယ်။
စစ်ကောင်စီတပ်တွေနဲ့ မဟာမိတ် ကရင်လက်နက်ကိုင်တပ်တွေ ရွေးကောက်ပွဲအတွက် လုံခြုံရေး အထူးတင်းကျပ်ထားချိန်မှာ အခုလို ဗုံးကွဲမှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ဘယ်အဖွဲ့ကမှ သူတို့ရဲ့ လက်ချက်လို့ ထုတ်ပြန် ပြောဆိုထားတာ မရှိပါဘူး။









