
ပရီးမီးယားလိဂ် ချန်ပီယံပြေးလမ်းနဲ့ ပတ်သက်လို့ ကြိုတင်မခန့်မှန်းနိုင်သေးကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
ချဲလ်ဆီးနဲ့ပွဲမှာ ပွဲပြီးခါနီး ချေပဂိုး ခွင့်ပြုလိုက်ရလို့ တဂိုးစီ သရေကျခဲ့ပြီး ဦးဆောင်သူ အာဆင်နယ်နဲ့ ၆ မှတ် ကွာဟသွားတဲ့အပေါ် နည်းပြ ဂွါဒီယိုလာက ဖြေကြားဖို့ ငြင်းဆန်ခဲ့တာပါ။
ချန်ပီယံပြေးလမ်းနဲ့ပတ်သက်လို့ သတင်းထောက်က မေးမြန်းရာမှာ အနာဂတ်မှာ ဘာဖြစ်မလဲ ဆိုတာကို သိရှိနိုင်ဖို့ ဗေဒင်ဆရာတွေ အသုံးပြုကြတဲ့ ဖန်လုံးတလုံး မိမိမှာ မရှိကြောင်း၊ လက်ရှိအချိန်မှာတော့ ကစားသမားတွေရဲ့ ကြံ့ခိုင်မှု ပြန်လည်ကောင်းမွန်လာဖို့နဲ့ ဘရိုက်တန်နဲ့ပွဲအတွက်ပဲ စဉ်းစားထားကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။
ချဲလ်ဆီးနဲ့ပွဲ အပါအဝင် ဆန်းဒါးလန်းနဲ့ သရေပွဲစဉ်မှာလည်း အခွင့်အရေးတွေ အများကြီးရရှိခဲ့ပေမဲ့ ဂိုးအဖြစ် အသုံးချနိုင်ဖို့ လိုအပ်ကြောင်း၊ မိမိတို့အသင်းရဲ့ ဂိုးရဖို့ မျှော်မှန်းနိုင်မှုက တခြား ဘယ်အသင်းထက်မဆို သာလွန်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။


