
စစ်ကောင်စီက လွတ်လပ်ရေးနေ့မှာ အိမ်တိုင်းအလံထောင်ကြဖို့ ဖိအားပေးပြီးနောက်ပိုင်း ဆိုင်တချို့မှာ ဈေးအဆမတန်ခုန်တက်ပြီး ပစ္စည်းပြတ်လပ်သွားတယ်လို့ ရန်ကုန်မြို့နေ ပြည်သူတွေဆီက သိရပါတယ်။
လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုဖို့အတွက်ဆိုပြီး ဇန်နဝါရီ ၄ ရက်နေ့မှာ အိမ်တိုင်း အလံထောင်ကြဖို့ စစ်ကောင်စီသြဇာခံ မြို့နယ်ထွေအုပ်ရုံးတွေက ညွှန်ကြားထားတာဖြစ်ပါတယ်။
ညွှန်ကြားချက်ကိုလိုက်နာဖို့နဲ့ ပျက်ကွက်ရင် စောင့်ကြည့်အရေးယူမယ်ဆိုပြီး သတင်းလွှင့်ထားတဲ့အတွက် စိုးရိမ်စိတ်နဲ့ အလံလိုက်ရှာဝယ်တာတွေရှိနေသလို ဆိုင်အချို့မှာ လက်ကျန်မရှိတော့တဲ့အထိ ဖြစ်လာတယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတယောက်က ပြောပါတယ်။
“အလံရောင်းတဲ့ဆိုင်တွေ လိုက်ပတ်ရှာဝယ်နေကြတာ။ လိုလိုလားလားထောင်ချင်လို့တော့ မဟုတ်ဘူး။ အကျင့်ယုတ်ပြီး ပြဿနာရှာခံရမှာစိုးတဲ့စိတ်နဲ့လုပ်ကြတာ။ ဆိုင်တွေမှာလည်း လက်ကျန်မရှိတော့ဘူး။”
အဲဒီလို အကြောက်တရားနဲ့ဝယ်သူတွေများတဲ့အတွက် အလံစျေးဟာ အရင်က အသေးဆုံးဆိုဒ်ကို ကျပ် ၃၀၀၀ ဝန်းကျင်လောက်ရှိရာကနေ ကျပ် ၁၀,၀၀၀ နီးပါးလောက်အထိ ခုန်တက်သွားတယ်လို့ ကိုယ်တိုင်ဝယ်ယူခဲ့သူတွေက ဆိုပါတယ်။
အိမ်၊ တိုက်ခန်းနဲ့ ဆိုင်ခန်းဖွင့်ထားသူတွေအပြင် ဆိုက်ကား၊ ဘေးတွဲနဲ့ ဆိုင်ကယ်ကယ်ရီမောင်းသူတွေကပါ အဖမ်းမခံရအောင် လိုက်ရှာဝယ်ပြီး တပ်ဆင်နေကြရတာ လို့လည်း သိရပါတယ်။
မြို့နယ်ထွေအုပ်နဲ့ ရပ်ကွက်ရုံးတချို့ကတော့ မြင့်တက်သွားတဲ့စျေးနဲ့ သိပ်မကွာတဲ့နှုန်းနဲ့ အလံရောင်းပြီး အကျိုးစီးပွားရှာနေသလို အလံမထောင်ရင် အရေးယူမယ်လို့ ခြိမ်းခြောက်နေတာရှိတယ်လို့လည်း လှိုင်သာယာမြို့နယ်နေ ပြည်သူတယောက်က ပြောပါတယ်။
“အခုကာလက ရပ်ကွက်ရုံးအစောင့်ကအစ အာဏာပါဝါပြနေတာဆိုတော့ သူတို့နဲ့ ထိပ်တိုက်ပြဿနာမဖြစ်ချင်ကြဘူး။ အပေါ်က ပေါ်လစီက သပ်သက်၊ ဒါကိုအကြောင်းပြုပြီး အောက်ခြေမှာ အလံရောင်းလို့ရတဲ့ပိုက်ဆံနဲ့တော်တော်အလုပ်ဖြစ်နေကြတာ။”
ပြည်သူတချို့က ပြဿနာမတက်ချင်တဲ့အတွက် အလံထောင်ရဖို့ရှိနေပေမဲ့ အဖြစ်သဘောနဲ့ အကုန်အကျသက်သာအောင် အသေးဆုံးဆိုဒ်ရွေးဝယ်သလို ပိတ်စမဟုတ်တဲ့ စက္ကူအလံသုံးဖို့ ပြင်ဆင်နေသူတွေရှိတယ်လို့လည်း သိရပါတယ်။
စစ်ကောင်စီအနေနဲ့ အိမ်တိုင်းအလံထောင်ဖို့ကို အခုနှစ်မှာမှ အကျပ်ကိုင်စေခိုင်းတာဖြစ်ပြီး လွတ်လပ်ရေးနေ့ကိုအကြောင်းပြပေမဲ့ သူတို့ရဲ့သြဇာလွှမ်းမိုးမှု အခြေအနေသိရအောင် လုပ်တာဖြစ်နိုင်တယ်လို့လည်း သုံးသပ်တာတွေရှိပါတယ်။
လက်ရှိမှာတော့ လွတ်လပ်ရေးနေ့မတိုင်ခင်ကတည်းက နေအိမ်တချို့နဲ့ဘေးတွဲဆိုင်ကယ်တွေမှာ အလံထောင်ထားကြတာတွေ့ရပါတယ်။


