Home
မြန်မာသတင်း
စစ်တွေမြို့ အနီး တိုက်ပွဲဖြစ်
DVB
·
January 3, 2026

ရခိုင်ပြည်နယ်ရဲ့ မြို့တော်စစ်တွေမြို့နားမှာ အာရက္ခတပ်တော် (AA) နဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေပြီး လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်သံတွေ ဆက်တိုက်ဆိုသလို ကြားနေရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇန်နဝါရီ ၁ ရက်နေ့ကတည်းက စစ်တွေ ဒကစ ဌာနချုပ်ဘက်ကနေ ပစ်ခတ်မှုတွေ နေ့တိုင်း ကြားနေရပြီး လက်နက်ကြီးနဲ့ လက်နက်ငယ်ပစ်ခတ်သံတွေကိုပါ ဆက်တိုက် ကြားလာနေကြရတာလို့ စစ်တွေမြို့ခံ အမျိုးသားတယောက်က ပြောပါတယ်။

“ညအချိန်တွေဆို ပိုပြီးတော့ ပစ်ခတ်မှုတွေ ပြင်းထန်တယ်။ တိုက်ပွဲဖြစ်ကြတာလို့ မြို့ထဲမှာ ပြောဆိုမှုတွေ ရှိနေကြပေမဲ့ ဘယ်ရွာအနီးတွေမှာ ဖြစ်နေကြတယ်ဆိုတာကိုတော့ အတိအကျတော့ မသိရဘူး။ အမှတ် ၁၂ ရဲတပ်ရင်းကလည်း လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရတယ်။”

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်မှာရှိတဲ့ ဝါဘိုနဲ့ စပါးထားကျေးရွာတွေကို စစ်တပ်က လက်နက်ကြီး၊ ဒရုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်သလို အာရက္ခတပ်တော်ကလည်း စစ်တွေမြို့ရှိ ဒကစ-ဌာနချုပ်ကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ် တယောက်က ပြောပါတယ်။

“စစ်ကောင်စီက နေတိုင်းလိုလို စစ်တွေ-ပုဏ္ဏားကျွန်း အစပ်က ရွာ‌တွေကို လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်နေတာတွေရှိတယ်။ တချို့ရွာတွေကိုဆိုရင် စက်သေနတ်တွေနဲ့  ပစ်တာတွေလည်း ရှိတယ်လို့ သိရတယ်။ စစ်ကောင်စီက ပစ်ခတ်ရင် AA ဘက်ကလည်း ပြန်ပြီးတော့ ခုခံပစ်ခတ်တိုက်ခိုက်တာမျိုး ပြုလုပ်တာတွေရှိတယ်။ မြေပြင်တိုက်ပွဲဆိုတာထက် လက်နက်ကြီးတွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ကြတာပိုများတယ်။” 

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့အကြား စစ်မျက်နှာမှာ ၂၀၂၅ ခုနှစ် နိုဝင်ဘာလကတည်းက နှစ်ဖက် လက်နက်ကြီး၊ ဒရုန်းတိုက်ပွဲတွေ ပြင်းထန်နေကြတာဖြစ်ပြီး အခုရက်ပိုင်းမှာ သေနတ်ပစ်ခတ်တဲ့ အသံတွေပါ ကြားလာရတာလို့ မြို့ခံတွေက ပြောပါတယ်။

အာရက္ခတပ်တော်ဟာ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တောမြို့တို့ကို ထိန်းချုပ်ထားပြီး စစ်တွေမြို့ကိုလည်း ဝန်းရံပိတ်ဆို့ထားပါတယ်။

စစ်ကောင်စီကလည်း အဲဒီမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာ၊ ဒရုန်းနဲ့ တိုက်ခိုက်တာတွေကို ဆက်တိုက်ဆိုသလို ပြုလုပ်နေတာဖြစ်ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကိုတော့ မသိရသေးပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013