
ပြီးခဲ့တဲ့ ၂၀၂၅ တနှစ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲပေါင်း ၇,၀၀၀ ကျော် ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်ပေါင်း ၅,၆၀၀ ကျော် သေဆုံးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနရဲ့ “၂၀၂၅ ခုနှစ် စစ်ရေးဖြစ်ပေါ် တိုးတက်မှု အခြေအနေ အစီရင်ခံစာ” အရ သိရပါတယ်။
အစီရင်ခံစာထဲမှာ ၂၀၂၅ ခုနှစ် တနှစ်တာအတွင်းမှာ တော်လှန်ရေးအဖွဲ့အသီးသီးနဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲပေါင်း ၇,၁၃၉ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် သေဆုံးမှုက ၅,၆၉၉ ယောက်၊ ထိခိုက်ဒဏ်ရာရက ၂,၇၂၆ ယောက်၊ သုံ့ပန်းအဖြစ် ၁,၁၂၄ ယောက်တို့နဲ့ ပြုန်းတီးအင်အား စုစုပေါင်း ၉,၅၄၉ ယောက် ရှိတယ်လို့ သိရပါတယ်။
ဒါ့အပြင် ဗိုလ်မှူး ၂ ယောက် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၃၆ ယောက်က စစ်တပ်ကို စွန့်ခွာပြီး ပြည်သူ့ဘက်ကို ကူးပြောင်း ခိုလှုံလာကြောင်းလည်း ဖော်ပြထားပါတယ်။
စစ်ရေးတိုးတက်မှုတွေကို ဖော်ပြထားရာမှာ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းအထိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ မဟာမိတ် တော်လှန်ရေးတပ်ဖွဲ့တွေအနေနဲ့ တနိုင်ငံလုံး အတိုင်းအတာအားဖြင့် မြို့နယ်ပေါင်း ၃၇ မြို့နယ် အပြည့်အဝ သိမ်းပိုက်ထားနိုင်ပြီး ၄၁ မြို့နယ်ကို ဆက်လက်ဝိုင်းပတ် ထိန်းချုပ်ထားဆဲဖြစ်ကြောင်း သိရပါတယ်။
စိုးမိုးထိန်းချုပ်နယ်မြေတွေ ကျယ်ပြန့်လာတာနဲ့အမျှ လက်နက်ခဲယမ်းရှာဖွေနိုင်မှု လျော့ကျလာကာ တပ်ဖွဲ့ဝင်တွေ အနားမရတာ၊ လက်နက်ခဲယမ်း အကန့်အသတ်ကြောင့် အစီအစဉ်အတိုင်း အကောင်အထည်မဖော်နိုင်ဘဲ တချို့မြို့တွေမှာ ခွာစစ်ဆင်ခဲ့ရတာနဲ့ နယ်မြေတွေ ဆက်လက် ထိန်းချုပ်နိုင်ဖို့ တပ်ဖွဲ့တွေကို ဖြန့်ကြက်ထားရတဲ့ လတ်တလော စိန်ခေါ်မှုတွေလည်း ရှိနေကြောင်း ဖော်ပြထားပါတယ်။
လာမဲ့ ၂၀၂၆ ခုနှစ်မှာလည်း NUG ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ တပ်မှူးကြီးများ အစည်းအဝေးကို ဆက်လက်ကျင်းပကာ စစ်အနိုင်တိုက်ရေး ရည်မှန်းချက်ကို အကောင်အထည်ဖော်သွားမှာ ဖြစ်ကြောင်းနဲ့ တော်လှန်ရေးအင်အားစုတွေ အခြေအနေ၊ စစ်ကောင်စီတပ်တွေရဲ့ အခြေအနေတွေကို ချိန်ဆပြီး မဟာဗျူဟာနဲ့အညီ တော်လှန်ရေးအရွေ့ကို အစီအစဉ်တကျ ဖော်ဆောင်သွားမှာ ဖြစ်ကြောင်းလည်း ကတိကဝတ် ပြုထားပါတယ်။


