
ပဲခူးတိုင်း၊ ပဲခူးမြို့နယ်မှာ စစ်တပ်စစ်ကြောင်း တိုက်ခိုက်ခံရလို့ ဗိုလ်ကြီး အပါအဝင် ၆ ယောက် သေဆုံးပြီး ၅ ယောက်ကို စစ်သုံ့ပန်းအဖြစ် ဖမ်းမိခဲ့တယ်လို့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေက ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၂၈ ရက်က ပဲခူးမြို့နယ်အတွင်း အတုအယောင် ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြနေစဉ် စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်တပ်ကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာပါ။
မိနစ် ၄၀ လောက် တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်တပ်က ဗိုလ်ကြီးတယောက်၊ အရာခံဗိုလ်တယောက်၊ ဆေးဗိုလ်တယောက်နဲ့ တခြား တပ်သားအဆင့် ၃ ယောက် သေဆုံးပြီး ကျန်တပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာတွေနဲ့ ကစဉ့်ကလျား ဆုတ်ခွာထွက်ပြေးသွားခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက်ကိုလည်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ငယ် ၁၂ လက်နဲ့ ခဲယမ်း၊ လက်ပစ်ဗုံး၊ စကားပြောစက်တွေနဲ့ တခြား စစ်သုံးပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့ ပါတယ်။
တိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၂ ကွပ်ကဲမှုအောက်ရှိ အမှတ် ၃၇၀၁ တပ်ရင်း၊ တပ်ခွဲ ၃ ရဲဘော်တွေက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


