
အီရန်ဟာ ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို ပစ်ခတ်ပြီး အကြမ်းဖက်သတ်ဖြတ်ရင် အမေရိကန်က သူတို့ကို ကယ်တင်မယ်လို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ပ်က ဇန်နဝါရီ ၂ ရက်မှာ ပြောပါတယ်။
သမ္မတထရမ့်ပ်ဟာ “အီရန်ကသူတို့ထုံးစံအတိုင်း ဆန္ဒပြသူတွေကို ပစ်ခတ်ပြီး အကြမ်းဖက် သတ်ဖြတ်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုကလည်း သူတို့ကို ကယ်တင်ပေးရမှာဖြစ်တယ်။ ကျနော်တို့ဟာ တိုက်ခိုက်ဖို့အတွက် အပြည့်အဝ ပြင်ဆင်ထားပြီး အသင့်ဖြစ်နေပြီ”လို့ သူ့ရဲ့ ထရုသ်ဆိုရှယ်လ်ပို့စ်မှာလည်း ရေးသားထားပါတယ်။
စီးပွားရေးအခြေအနေတွေ ဆိုးရွားလာမှုကြောင့် အီရန်နိုင်ငံမှာ ၃ နှစ်အတွင်း အကြီးမားဆုံးဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးတော့ ပြည်နယ်တချို့မှာ အကြမ်းဖက်မှုတွေလည်း ပေါ်ပေါက်ခဲ့ပါတယ်။
အဲဒီမငြိမ်မသက်မှုတွေအတွင်း လူအတော်များများ သေဆုံးခဲ့တယ်လို့ အီရန်မီဒီယာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဇန်နဝါရီ ၁ ရက်မှာ ပြောပါတယ်။
အစိုးရနဲ့နီးစပ်တဲ့ Fars သတင်းအေဂျင်စီအရ အီရန်အနောက်ပိုင်း လော်ရက်စ်တန်ပြည်နယ်က ရဲစခန်းတခုကို တိုက်ခိုက်မှုအတွင်း ဆန္ဒပြသူ ၃ ယောက် သေဆုံးပြီး ၁၇ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။
Source:Reuters


