
အသက်ရလာတာနဲ့အမျှ စိုးရိမ်မှုတွေရှိနေပေမဲ့ ကျန်းမာရေး ကောင်းမွန်ပြည့်စုံတယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ဆရာဝန်ရဲ့ ညွှန်ကြားချက်ထက် အက်စပရင် ပိုသောက်တဲ့အကြောင်း၊ သူ့လက်မှာ အညှိုအမဲကွက်တွေ ဖြစ်နေလို့ မိတ်ကပ်နဲ့ ဖုံးရကြောင်းနဲ့ ပုံမှန်လေ့ကျင့်ခန်းတွေက ပျင်းစရာကောင်းလို့ မလုပ်ကြောင်း ထရမ့်ပ်က ပြောပါတယ်။
The Wall Street ဂျာနယ်နဲ့ အင်တာဗျူးမှာ ထရမ့်ပ်က အောက်တိုဘာလတုန်းက စကန်စစ်ဆေးရာမှာ ရိုးရိုးစကန်စစ်ဆေးမှုသာ ပြုလုပ်ခဲ့တာကို MRI စကန်ရိုက်ခဲ့တယ်လို့ မှားယွင်းဖြေခဲ့ဖူးတယ်လို့လည်း ဆိုပါတယ်။
အသက် ၇၉ နှစ်အရွယ်ရှိ ထရမ့်ပ်ဟာ အမေရိကန်သမိုင်းတလျှောက် အသက်အကြီးဆုံးသမ္မတ ဖြစ်ပါတယ်။
ဆွေးနွေးပွဲတွေမှာ အိပ်ငိုက်တာတွေနဲ့ မေးခွန်းတွေကို မကြားရတာမျိုး ရှိတယ်ဆိုတာနဲ့ လူထုက သူ့ရဲ့ကျန်းမာရေးအကြောင်း ဆွေးနွေးတာကို ထရမ့်ပ်က စိတ်ပျက်တယ်လို့ ပြောပြီး သူ့ရဲ့ ကျန်းမာရေးက ကောင်းမွန်ပြည့်စုံတယ်လို့ ပြောကြောင်း ဂျာနယ်မှာ ဖော်ပြပါတယ်။
ထရမ့်ပ်ဟာ အက်စပရင်ဆေးတွေကို ဆရာဝန်ညွှန်ကြားချက်ထက် ပိုသောက်တာဟာ ၂၅ နှစ်ကျော်ရှိပြီ ဖြစ်တယ်လို့လည်း ပြောပါတယ်။
“အက်စပရင်က သွေးကျဲစေတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။ ကျနော့်နှလုံးကို ဖြတ်တဲ့သွေးတွေ ပြစ်နေတာမျိုး မလိုချင်တာကြောင့် အခုလို သောက်တာပါ” လို့ ထရမ့်ပ်က ပြောပါတယ်။
ဆရာဝန်က တနေ့ကို ၈၁ မီလီဂရမ်သောက်ဖို့ ညွှန်ကြားထားပြီး ထရမ့်ပ်ဟာ တနေ့ကို အက်စပရင် ၃၂၅ မီလီဂရမ် သောက်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် ထရမ့်ပ်က သူ့မှာ အကြားအာရုံနဲ့ပတ်သက်ပြီးလည်း ပြဿနာမရှိကြောင်းနဲ့ ဓာတ်ပုံဆရာတွေဟာ မျက်တောင်ခတ်တဲ့အချိန်မှာ ရိုက်တဲ့ပုံတွေကြောင့် အိပ်တဲ့ပုံတွေ ဖြစ်နေတာလို့လည်း ပြောပါတယ်။
Source: Reuters


