
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုနဲ့ ဖလော်ရီဒါပြည်နယ်က သူပိုင် မာရာလာဂိုး အပန်းဖြေစခန်းမှာ တွေ့ဆုံအပြီး အီရန်နိုင်ငံနဲ့ ဟားမတ်စ်အဖွဲ့ကို ခြိမ်းခြောက်လိုက်ပါတယ်။
အီရန်ကသာ ပဲ့ထိန်းဒုံးကျည်စီမံကိန်း ဒါမှမဟုတ် နျူကလီးယား စီမံကိန်းတွေ ပြန်စမယ်ဆိုရင် နောက်ထပ် အကြီးစားတိုက်ခိုက်မှုကြီးတခု လုပ်ဆောင်သွားမှာဖြစ်ပြီး ဟားမတ်စ်အဖွဲ့ဟာလည်း လက်နက်မဖျက်သိမ်းဘူးဆိုရင် ဆိုးရွားတဲ့ အကျိုးဆက်တွေ ခံစားရမယ်လို့ ထရမ့်ပ်က ဒီဇင်ဘာ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
“သူတို့တွေ ဘယ်နေရာမှာ ဘာတွေလုပ်နေတယ်ဆိုတာ ကျုပ်တို့ အတိအကျသိပါတယ်။ သူတို့မလုပ်ဖို့လည်း မျှော်လင့်ပါတယ်။ ကျုပ်တို့ B-2 ဗုံးကြဲလေယာဉ်တွေ ဆီကုန်မခံချင်ပါဘူး။ အသွားအပြန် ၃၇ နာရီတောင် ကြာပါတယ်။ ဆီတွေအများကြီး ကျုပ်မဖြုန်းချင်ဘူး” လို့ ထရမ့်ပ်က အီရန် နျူစီမံကိန်းတွေနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ပါတယ်။
ဂါဇာငြိမ်းချမ်းရေး နောက်တဆင့်လုပ်ဆောင်ဖို့နဲ့ အီရန်အရေး၊ လက်ဘနွန်က ဟစ်ဇ်ဘိုလာ တပ်ဖွဲ့အရေး အစ္စရေးရဲ့ ပူပန်မှုတွေကို ကိုင်တွယ်ဖို့ နေတန်ယာဟုနဲ့ ဆွေးနွေးခဲ့တယ်လို့ ထရမ့်ပ်က ပြောပါတယ်။
ဂါဇာမှာ နိုင်ငံတကာတည်ငြိမ်ရေးတပ်ဖွဲ့တွေ ချထားဖို့ အချက်ပါဝင်တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ဒုတိယအဆင့်ကို ဆက်သွားချင်နေပြီလို့လည်း သူကဆိုပါတယ်။
လက်ရှိမှာတော့ အစ္စရေးနဲ့ ဟားမတ်စ် နှစ်ဖက်စလုံးက အပစ်ရပ်ရေး ချိုးဖောက်တယ်လို့ အပြန်အလှန် စွပ်စွဲထားကြပြီး နောက်တဆင့် အကောင်အထည်ဖော်ဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။
ဒါ့အပြင် အစ္စရေးအနေနဲ့ ဆီးရီးယားသမ္မတသစ် အာမက် အယ်လ်ရှာရာနဲ့ အဆင်ပြေအောင် ဆက်ဆံဖို့ မျှော်လင့်တယ်လို့လည်း ထရမ့်ပ်က ထည့်သွင်း ပြောကြားခဲ့ပါတယ်။
နေတန်ယာဟုကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ကိစ္စ လမ်းကြောင်းပေါ်ရောက်နေပြီလို့ အစ္စရေးသမ္မတ အိုင်ဇက်ဟာဇော့ဂ်က သူ့ကို ပြောထားတယ်လို့လည်း ထရမ့်ပ်က ဆိုပါတယ်။
ဒါပေမဲ့ အစ္စရေးသမ္မတရုံးကတော့ ထရမ့်ပ်နဲ့ ဒီကိစ္စဆွေးနွေးတာမျိုး မရှိခဲ့ဘူးလို့ တုံ့ပြန်ခဲ့ပြီး ချက်ချင်း ငြင်းဆိုလိုက်ပါတယ်။
Source:Reuters


