
ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးမှာ ကြားဝင်ညှိနှိုင်းသူတယောက် ဖြစ်လာတဲ့ တရုတ်က ငြိမ်းချမ်းရေးလုပ်ရာမှာ မတင်စီးဘူး၊ ဘောင်မကျော်ဘူးလို့ နိုင်ငံခြားဝန်ကြီး ဝမ်ယိက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ကို နာမည်မတပ်ဘဲ သွယ်ဝိုက် ထိုးနှက်ခဲ့ပါတယ်။
၇၂ နာရီ အပစ်အခတ်ရပ်စဲမှု ကြေညာအပြီး တရက်အကြာ ဒီဇင်ဘာ ၂၈ ရက်မှာ နှစ်ဖက်စလုံးက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံခဲ့ရာမှာ တရုတ်ရဲ့ ချဉ်းကပ်ပုံမှာ ထရမ့်ပ်ရဲ့ စီးပွားရေးအရ ခြိမ်းခြောက်မှုနဲ့ မတူဘူး ဆိုတာကို ဝမ်ယိက ထည့်ပြောခဲ့တာပါ။
“တရုတ်ရဲ့ ငြိမ်းချမ်းရေးနဲ့ တွေ့ဆုံဆွေးနွေးရေး အားထုတ်မှုတွေက တခြားသူအပေါ် တင်စီးတာမျိုး၊ စည်းဘောင်ကျော်တာမျိုး မရှိပါဘူး” လို့ ဝမ်ယိက ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆာ့ခ် ဖွန်ကက်ခယောက်နဲ့ ယူနန်ပြည်နယ်မှာတွေ့ဆုံစဉ် ပြောကြားခဲ့တာပါ။
အဲဒီတနေ့တည်းမှာပဲ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး ပရက်ခ်ဆာခွန်းနဲ့ပါ ဝမ်ယိက သီးခြားတွေ့ဆုံခဲ့ပါတယ်။
ထရမ့်ပ်က အပစ်အခတ်ရပ်စဲရေးကို အမေရိကန်ဦးဆောင်တဲ့ အောင်မြင်မှုလို့ ပုံဖော်နေချိန်မှာ တရုတ်ကတော့ ကြားနေဖျန်ဖြေသူအဖြစ် ဒေသတွင်းဩဇာ ယှဉ်ပြိုင်ဖို့ ကြိုးစားလာတာပါ။
တရုတ်အစိုးရပိုင် ဂလိုဘယ်တိုင်းမ် သတင်းစာကလည်း တရုတ်ဟာ အနောက်နိုင်ငံတွေလို ဆရာလုပ်တဲ့ ချဉ်းကပ်ပုံမျိုး မရှိဘူးလို့ ရေးသားခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနကတော့ အာရှနည်းလမ်းနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်တဲ့ တရုတ်ရဲ့ အခန်းကဏ္ဍကို တန်ဖိုးထားကြောင်း ထုတ်ပြန်ထားပါတယ်။
တရုတ်ဘက်က အာဆီယံလေ့လာရေးအဖွဲ့ကို ပံ့ပိုးသွားမှာဖြစ်ပြီး ကမ္ဘောဒီးယားကို လူသားချင်းစာနာမှု အကူအညီ ဒေါ်လာ ၃ သန်း ပေးအပ်ထားပါတယ်။
ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်းဝီရကွန်း ကတော့ အလားတူကမ်းလှမ်းမှုကို လက်ခံမလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ ဒီဇင်ဘာ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
Source:Reuters


