
လက်ဝဲစွန်းရောက် လူညစ်တွေ အပါအဝင် အားလုံး ခရစ္စမတ်မှာ ပျော်ရွှင်ပါစေလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဆုမွန်ကောင်းတောင်းခဲ့ပါတယ်။
Truth ဆိုရှယ်မီဒီယာမှာ တင်ခဲ့တဲ့ ခရစ္စမတ်ဆုတောင်းမှာ နိုင်ငံရေးပြိုင်ဘက်တွေကိုလည်း ထရမ့်ပ်က ထည့်သွင်းဖော်ပြ တိုက်ခိုက်ခဲ့တာပါ။
ဒေါ်နယ်ထရမ့်ပ်က “နိုင်ငံရေးပြိုင်ဘက်တွေဟာ ကျနော်တို့ရဲ့ နိုင်ငံကို ပျက်စီးအောင် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး” လို့ ဆိုပါတယ်။
ထရမ့်ပ်က GDP ၄ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်ခဲ့တာကို အမွှန်းတင်ပြီး ပြောခဲ့သလို စတော့ဈေး ကွက်စံချိန်တင်တာတွေ၊ မူခင်းကျဆင်းတာတွေ၊ အမျိုးသားလုံခြုံရေးအားကောင်းတာတွေ၊ အခွန်ကနေ ထရီလီယံချီပြီး ဝင်ငွေရတာတွေကိုလည်း အမွှမ်းတင်ခဲ့ပါသေးတယ်။
“အမေရိကန်နိုင်ငံဟာ အခုလိုမျိုး ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး၊ အမေရိကန်ကို ဘုရားသခင် ကောင်းချီးပေးပါစေ” ဆိုတဲ့ စာသားနဲ့ ထရမ့်ပ်က သူ့ရဲ့ ခရစ္စမတ်ဆုတောင်းကို အဆုံးသတ်ခဲ့ပါတယ်။
ဒါ့အပြင် ထရမ့်ပ်က လိင်ရာဇဝတ်မှုတွေနဲ့ ထင်ရှားခဲ့တဲ့ အက်စတိန်းကိုချစ်တဲ့ စက်ဆုပ်စရာ ကောင်းတဲ့သူတွေလည်း ခရစ္စမတ်မှာ ပျော်ရွှင်ပါစေလို့ ဆုမွန်ကောင်းတောင်းတဲ့ ပို့စ်တခု တင်ခဲ့ပါသေးတယ်။
အဲဒီပို့စ်မှာ စက်ဆုပ်စရာကောင်းတဲ့လူတွေက အက်စတိန်းကို ငွေတွေပေးကြ၊ သူ့ရဲ့ပါတီပွဲတွေ သွားတာမျိုးတွေ လုပ်ခဲ့ပေမဲ့ ရာဇဝတ်မှုတွေ ပေါ်လာတဲ့ အချိန်မှာတော့ အက်စတိန်းကို ခွေးတကောင်လို ထားပစ်ခဲ့ပြီး အက်စတိန်းဟာ စက်ဆုပ်ဖွယ်လူတယောက်အဖြစ် ပြောဆိုဆက်ဆံကြတာကို ဖော်ပြထားပါတယ်။
ထရမ့်ပ်က သူတယောက်တည်းသာ ဒီလို ရာဇဝတ်မှုတွေ မဖြစ်ခင်အချိန်တည်းက အက်စတိန်းနဲ့ အဆက်အသွယ် ဖြတ်တောက်ခဲ့တာ ရှိကြောင်းလည်း ရေးသားဖော်ပြထားပါတယ်။


