
၂၀၂၅ ခုနှစ်အတွင်း ကမ္ဘာတဝန်းမှာ သတင်းထောက်နဲ့ သတင်းဌာန ဝန်ထမ်းပေါင်း ၁၂၈ ယောက် သေဆုံးခဲ့ရတယ်လို့ နိုင်ငံတကာသတင်းထောက်များအဖွဲ့ချုပ် (IFJ) က ဒီဇင်ဘာ ၃၁ ရက်မှာ ထုတ်ပြန်တဲ့ နှစ်ပတ်လည်အစီရင်ခံစာမှာ ဖော်ပြပါတယ်။
ပြီးတော့ ကမ္ဘာတဝန်းမှာ သတင်းထောက်ပေါင်း ၅၃၃ ယောက် ဖမ်းဆီးထိန်းသိမ်းခံထားရပြီး မြန်မာနိုင်ငံကတော့ တရုတ်နိုင်ငံပြီးရင် သတင်းသမားတွေကို ဒုတိယအများဆုံး အကျဉ်းချထားတဲ့နိုင်ငံအဖြစ် စာရင်းဝင်သွားပါတယ်။
IFJ ရဲ့ ထုတ်ပြန်ချက်အရ မတော်တဆမှုကြောင့် သေဆုံးသူ ၉ ယောက် အပါအဝင် သေဆုံးသူ ၁၂၈ ယောက်ထဲက ၇၄ ယောက်ဟာ အရှေ့အလယ်ပိုင်းနဲ့ အာရပ်နိုင်ငံတွေမှာဖြစ်ပြီး ဂါဇာစစ်ပွဲကြောင့် ပါလက်စတိုင်းသတင်းထောက် ၅၆ ယောက် သေဆုံးခဲ့ရတာကတော့ အဆိုးရွားဆုံးမှတ်တမ်း ဖြစ်တယ်လို့ ဆိုပါတယ်။
အာရှ-ပစိဖိတ်ဒေသမှာ သတင်းထောက် ၁၅ ယောက် အသတ်ခံခဲ့ရပြီး အိန္ဒိယနိုင်ငံက သတင်းထောက်တယောက်ကတော့ ရက်ရက်စက်စက် ရိုက်သတ်ခံခဲ့ရတာပါ။
IFJ ရဲ့ အထွေထွေအတွင်းရေးမှူး အန်သိုနီဘယ်လန်ဂါက “တနှစ်တည်းအတွင်း သတင်းထောက် ၁၂၈ ယောက်အထိ အသတ်ခံရတယ် ဆိုတာဟာ ကိန်းဂဏန်းအချက်အလက်တခုတင် မဟုတ်ပါဘူး။ ဒါဟာ ကမ္ဘာလုံးဆိုင်ရာ အကျပ်အတည်းတခု ဖြစ်ပါတယ်။ ဒီသေဆုံးမှုတွေဟာ သတင်းသမားတွေဟာ သူတို့ရဲ့အလုပ်ကို လုပ်ဆောင်နေရုံသက်သက်နဲ့ပဲ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေနဲ့အတူ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတယ် ဆိုတာကို ထိတ်လန့် တုန်လှုပ်ဖွယ် သတိပေးနေတာပဲ ဖြစ်ပါတယ်။ နေရာတိုင်းမှာရှိတဲ့ သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ လွတ်လပ်မှုကို အာမခံချက်ပေးနိုင်မဲ့ ကုလသမဂ္ဂ သဘောတူညီချက်တရပ် ပေါ်ပေါက်လာဖို့ အချိန်တန်ပါပြီ” လို့ ပြောပါတယ်။
အစိုးရတွေအနေနဲ့ သတင်းသမားတွေကို ကာကွယ်ဖို့၊ လူသတ်သမားတွေကို တရားဥပဒေရှေ့မှောက် ခေါ်ဆောင်လာဖို့နဲ့ သတင်းလွတ်လပ်ခွင့်ကို မြှင့်တင်ဖို့အတွက် အခုချက်ချင်း လုပ်ရမယ်လို့လည်း သူက ပြောပါတယ်။
IFJ ရဲ့ အစီရင်ခံစာမှာ ပြီးခဲ့တဲ့နှစ်အတွင်း အာဖရိကမှာ သတင်းထောက် ၁၈ ယောက်၊ အမေရိကမှာ ၁၁ ယောက်၊ ဥရောပမှာ ၁၀ ယောက် သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။
ဥရောပမှာလည်း ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ဒရုန်းတွေသုံးပြီး သတင်းထောက်တွေကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကြောင့် သေဆုံးသူမြင့်တက်လာပြီး အကျဉ်းကျသူဦးရေဟာလည်း အရင်နှစ်ထက် ၄၀ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ဆိုပါတယ်။
ကမ္ဘာတဝန်း ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ သတင်းထောက် ၅၃၃ ယောက်ထဲက ၂၇၇ ယောက်ဟာ အာရှ-ပစိဖိတ်ဒေသမှာ ဖြစ်ပါတယ်။ ဒီထဲမှာ ဟောင်ကောင် အပါအဝင် တရုတ်နိုင်ငံမှာ ၁၄၃ ယောက်နဲ့ အများဆုံး၊ မြန်မာနိုင်ငံမှာ ၄၉ ယောက်နဲ့ ဒုတိယဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှာတော့ ၃၇ ယောက်နဲ့ တတိယအများဆုံး ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီကို ထောက်ခံနေတဲ့ ရုရှားနဲ့ ဘယ်လာရုစ်တို့ဟာလည်း သတင်းသမား ၃၂ ယောက်စီကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ IFJ ရဲ့ စာရင်းမှာ ဖော်ပြထားပါတယ်။
ဒီသေဆုံးမှုနဲ့ ဖမ်းဆီးခံရတာတွေဟာ သတင်းမီဒီယာလောကအတွက် အထူးသဖြင့် အသက်အန္တရာယ်များလှတဲ့ နှစ်တနှစ်ဖြစ်ခဲ့တာနဲ့ ကျူးလွန်သူတွေဟာ ပြစ်ဒဏ်ကင်းလွတ်ခွင့်တွေ ဆက်ရနေကြတယ်လို့ ပေါ်လွင်စေတယ်လို့လည်း IFJ က ဆိုပါတယ်။


