
၂၀၂၅ တနှစ်တာအတွင်းမှာ ကမ္ဘာတလွှား သတင်းထောက်အယောက် ၇၀ နီးပါး သတ်ဖြတ်ခံခဲ့ရပြီး အယောက် ၅၀၀ ကျော်ကတော့ ဖမ်းဆီးခံထားရတဲ့အကြောင်း ပြင် သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့ (RSF) က ထုတ်ပြန်ပါတယ်။
စစ်ပွဲတွေ၊ လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ စနစ်တကျ ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကြောင့် အသတ်ခံရတဲ့ သတင်းထောက်အရေအတွက်ဟာလည်း ထပ်မံပြီးတော့ မြင့်တက်လာခဲ့သလို ၂၀၂၅ ခုနှစ်ကတော့ သတင်းသမားတွေ အသေအပျောက်အများဆုံးနဲ့ အဆိုးဝါးဆုံး နှစ်တနှစ် ဖြစ်လာနေခဲ့တာလို့ ဆိုပါတယ်။
RSF အဖွဲ့ရဲ့ အထွေထွေညွှန်ကြားရေးမှူးချုပ် သီဘော့ ဘရူတင်ကတော့ “ဒါက သတင်း ထောက်တွေအပေါ် မုန်းတီးမှုကြောင့်ပါ။ ဒီနှစ်မှာ မတော်တဆ မဟုတ်ဘဲ သတင်းထောက် ၆၇ ယောက် သေဆုံးခဲ့ရပါတယ်။ ဒါက မတော်တဆမှုကြောင့် မဟုတ်သလို ဘေးပန်းထိခိုက်မှုကြောင့်လည်း မဟုတ်ဘူး။ သူတို့ဟာ သူတို့ရဲ့ အလုပ်ကြောင့် ပစ်မှတ်ထား သတ်ဖြတ်ခံခဲ့ရတာပါ။ မီဒီယာကို ဝေဖန်တာဟာ လွတ်လပ်တဲ့ သတင်းစာပညာ ရေရှည်တည်တံ့ဖို့အတွက် အပြောင်းအလဲကို တွန်းအားပေးသင့်ပေမယ့် သတင်းထောက်တွေကို မုန်းတီးတဲ့အဆင့်အထိတော့ မရောက်သင့်ဘူး” လို့ ပြောပါတယ်။
ကမ္ဘာတဝန်းမှာတော့ လက်ရှိအချိန်ထိ သတင်းထောက်ဦးရေ ၅၀၃ ယောက် ဖမ်းဆီးထိန်း သိမ်းခံထားရပြီး သတင်းသမားတွေကို အကျဉ်းချရာမှာ တရုတ်နိုင်ငံက ၁၂၁ ယောက်နဲ့ အ များ ဆုံးဖြစ်ကာ သူ့နောက်မှာ ရုရှားနိုင်ငံက ၄၈ ယောက်၊ မြန်မာနိုင်ငံက ၄၇ ယောက်နဲ့ အဆိုးဆုံး ၃ နိုင်ငံအနေနဲ့ ရပ်တည်နေပါတယ်။
တနှစ်တာအတွင်း သတ်ဖြတ်ခံခဲ့ရတဲ့ သတင်းသမားတွေရဲ့ ထက်ဝက်နီးပါးဖြစ်တဲ့ ၄၃ ရာခိုင်နှုန်းကတော့ ဂါဇာကမ်းမြောင်ဒေသက ဖြစ်ပြီး သူ့နောက်မှာ ယူကရိန်းနဲ့ မက္ကဆီကို နိုင်ငံတွေ ရှိနေပါတယ်။
ဒါ့အပြင် လက်ရှိ နိုင်ငံပေါင်း ၃၇ နိုင်ငံမှာ ပျောက်ဆုံးနေတဲ့ သတင်းထောက်ဦးရေ ၁၃၅ ယောက်အထိ ရှိနေပြီး တချို့ဟာ နှစ်ပေါင်း ၃၀ ထက်မနည်း ပျောက်ဆုံးနေကြတာဖြစ်ကာ ၇၂ ရာခိုင်နှုန်းလောက်က အရှေ့အလယ်ပိုင်းနဲ့ လက်တက်အမေရိကမှာ ဖြစ်ခဲ့တာလို့ RSF အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
Source ; Reporters Without Borders(RSF)


