Home
ဆောင်းပါး
မင်းတို့က စစ်စုံထောက် ငါတို့က သတင်းထောက်၊ ကြေးမုံဦးသောင်း ၉၉ နှစ်
မောင်တူး
·
October 13, 2025

စစ်စုံထောက်များ၊ သူလှည့်စား၍

ရေးသားသတင်း၊ လွတ်လပ်ခြင်းတွက်

နေ့ရက်နှစ်ရှည်၊ စီးချင်းတွေထိုး

သက်ရှည်ဘိုးဘ၊ ဘဝထိတိုင်

ကလောင်ကိုင်ရေး၊ သူရှိသေးက

ကြေးမုံဦးသောင်း၊ မွေးနေ့ပေါင်းစစ်

နှစ် ( ကိုးဆယ့်ကိုး) ရှိပါပြီ။ ။

သတင်းစာမှာ လွတ်လွတ်လပ်လပ် သတင်းများ ရေးသားဝံ့သူ ဆရာကြီး ကြေးမုံဦးသောင်း သက်ရှိထင်ရှား ရှိနေသေးပါက ၂၀၂၅ ခုနှစ် အောက်တိုဘာ ၄ ရက်မှာ အသက် ၉၉ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ကြေးမုံဦးသောင်းကို ၁၉၂၆ ခုနှစ် အောက်တိုဘာလ ၄ ရက်က မွေးဖွားခဲ့တာပါ။ သတင်းကို ကြေးမုံဦးသောင်းအနေနဲ့ရေးပြီး သရော်စာကို အောင်ဗလအမည်နဲ့ ရေးပါတယ်။ အမည်ရင်း မောင်သောင်း ဖြစ်ပါတယ်။ သူဟာ နယ်ချဲ့ကိုလိုနီခေတ်၊ လွတ်လပ်ရေးရပြီး ပါလီမန်ဒီမိုကရေစီခေတ်၊  စစ်အာဏာရှင် ခေတ်အဆက်ဆက် မီဒီယာသမား သတင်းထောက်ကြီးတဦး အဖြစ် ပြည်သူတွေ သတင်းမှန်သိရေး ကြိုးစားသွားခဲ့သူ သတင်းစာသူရဲကောင်းကြီးပါ။ ကမ္ဘာ့နိုင်ငံပေါင်းစုံ သတင်းစာအသင်းကြီး The International Press Institute က ၁၉၅ဝ ခုမှ ၂ဝဝဝ ပြည့်နှစ် အတွင်း သတင်းစာတို့ လွတ်လပ်ရေးကို ရဲရဲဝံ့ဝံ့ အမှုထမ်းခဲ့သူ ကမ္ဘာအရပ်ရပ် သတင်းစာဆရာ အယောက်  ၅ဝ ကို “သတင်းစာ သူရဲကောင်းဘွဲ့” ပေးတော့ မြန်မာပြည်မှ “ရေးဝံ့သူ” အဖြစ် ဦးသောင်းကို ဆုချီးမြှင့်ခဲ့ပါတယ်။

သတင်းစာဆရာကြီး ကြေးမုံ ဦးသောင်း (အောင်ဗလ) ဟာ အဆုတ်ရောဂါနဲ့ ၂ဝဝ၈ ခုနှစ်၊ ဧပြီ ၃ ရက်နေ့ အသက် ၈၂ နှစ် မှာ အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ကွယ်လွန်သွားခဲ့တယ်။ အခုအခါမှာတော့ သူ့ရဲ့ အသက် ၁၀၀ ပြည့် ၁ နှစ်အလို ကာလ ဖြစ်ပါတယ်။ ဒီနေ့မှာ အာဏာသိမ်း စစ်တပ်က သတင်းသမားတွေကို ဖမ်းဆီး နှိပ်စက် သတ်ဖြတ် ထောင်ချနေပါတယ်။ သတင်းသမားတွေကို ငွေကြေးစတဲ့ မက်လုံးတွေပေးပြီး စစ်တပ်ဘောမ သတင်းတွေ ရေးသားခိုင်းနေချိန်ပေါ့။ ဒီလို အခါမျိုးမှာ သတင်းစာကို လွတ်လွတ်လပ်လပ်ရေးဝံ့သူ ဆရာကြီး ကြေးမုံဦးသောင်း (အောင်ဗလ)ရဲ့ ၉၉ နှစ်ပြည့် ဂုဏ်ပုဒ်တွေကို ဖော်ပြချင်နေမိပါတော့တယ်။

မင်းတို့က စစ်စုံထောက်၊ ငါတို့က သတင်းထောက်

ညောင်ဦးမြို့မှာ မွေးဖွားခဲ့ပြီး ၁၉၄၈ ခု တက္ကသိုလ်ဝင်စာမေးပွဲ အောင်ခဲ့တဲ့သူဟာ ဗမာ့ခေတ် သတင်းစာ  သတင်းထောက်အဖြစ် ၁၉၄၇ ခုက သတင်းစာလောကကို ဝင်ပါတယ်။ တနေ့ ၂ ကျပ်စား မှုခင်းသတင်းထောက်ဘဝနဲ့ ဗမာ့ခေတ်သတင်းစာမှာ စဝင်ပြီး အယ်ဒီတာချုပ်အဖြစ် တိုးမြှင့် အမှုထမ်းခဲ့ရသူပါ။ အင်္ဂလိပ် ပုလိပ်မင်းကြီးက ပိတ်ပင်ထားတဲ့ သတင်းတွေကို မရမနေ ဉာဏ်ကစား ရယူပြီး "နင်လားဟဲ့ နယ်ချဲ့ - ငါလားဟဲ့ သတင်းထောက်" ဆိုပြီး စိန်ခေါ်ခဲ့သူပါ။ ကြေးမုံဦးသောင်းဟာ ဖဆပလခေတ်မှာလည်း ပိတ်ထားတဲ့ သတင်းတွေကို ရအောင် ဖော်ထုတ် ထောင်နှုတ်ခမ်းနင်း ရေးသားခဲ့ပါတယ်။ ဒီအကြောင်းကို ဆရာကြီးက စာပေဟောပြောပွဲမှာ အခုလို ပြောပြခဲ့ပါတယ်။

"ကျနော်တို့က ဘယ်လောက်များ သိသလဲဆိုရင် ၁၉၅၈ ခုနှစ် စက်တင်ဘာလက စစ်ဗိုလ်ကြီးတွေက သန့်ရှင်းဖဆပလ လုပ်ပုံဟာဖြင့်ရင် တိုင်းပြည်ကို ပျက်စီးတယ်။ တပ်မတော်က သည်းမခံနိုင်တော့ဘူး ဆိုပြီးတော့ကာ ဝန်ကြီးချုပ်ဆီသွားပြီး အာဏာတောင်းပါတယ်။ ဒါကို ကျနော်တို့က ကြိုသိနေပါတယ်။ ဒါကို သတင်းထုတ်နိုင်ခဲ့ပါတယ်။ ဝင်ဒါမီယာမှာရှိတဲ့ ဝန်ကြီးချုပ် ကိုယ်ရံတော်တပ်မှာ သွားကြိုစောင့်ပါတယ်။ အဲ့သည်တုန်းက ဗိုလ်မှူးကြီးတွေလာတယ်။ သူတို့ အာဏာသွားတောင်းချိန်မှာ ဦးနုက မင်းတို့ တပ်မတော်က မကြိုက်လို့ရှိရင် ကိစ္စမရှိဘူး ငါထွက်ပေးမယ်။ မင်းတို့ စစ်တပ်က အုပ်ချုပ်ပြီး သန့်ရှင်းတဲ့ ရွေးကောက်ပွဲလုပ်ဆိုပြီး ရှောရှောရှုရှု ဖြစ်သွားလို့ အဲ့လိုပြီးသွားပါတယ်။ ကျနော်တို့ သိတာက စစ်တပ်လုပ်သမျှငါတို့ သိတာပဲဆိုပြီး ကိုယ်ရံတပ်မှာ စစ်တပ်ပထမဆုံး အာဏာတောင်းသိမ်း သတင်းကို ရေးနေတယ်။ ကျနော်တို့ မသိတာက ဘယ်လိုလဲ ဆိုတော့ကာ အကယ်၍ အဲ့ဒီနေ့က အဆင်မပြေရင် ဦးနုက အာဏာ မအပ်လို့ရှိရင် အမြောက်နဲ့ပစ်ဟေ့ ဆိုပြီး တည့်တည့်ချိန်ထားတာက ဝန်ကြီးချုပ်ရဲ့ ကိုယ်ရံတော်တပ်စခန်း ကျနော်တို့ ထိုင်သတင်းရေးနေတဲ့ စားပွဲမှာ ဖြစ်နေတယ်။ ဘာပဲဖြစ်ဖြစ် စစ်တပ် လုပ်သမျှကြိုသိတဲ့ ကျနော်တို့ကတော့ နင်လားဟဲ့ စစ်ထောက်လှမ်းရေး ငါတို့လားကွ သတင်းထောက်ဆိုပြီး ဂုဏ်ယူလေ့ရှိပါတယ်။"

အထက်ပါ ဆရာကြီး ကြေးမုံဦးသောင်းရဲ့ ပြောကြားချက်အရ စစ်တပ်ဟာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းခဲ့ သလိုမျိုး ၁၉၅၈ စက်တင်ဘာမှာလည်း အာဏာသိမ်းဖို့ ပြင်ဆင်ခဲ့ပေမဲ့ ဝန်ကြီးချုပ် ဦးနုက လိုက်လျောခဲ့လို့သာ အာဏာကို လွှဲယူသွားခဲ့တာပါ။ ၂၀၂၁ မှာတော့ သမ္မတ ဦးဝင်းမြင့်က "ငါ့ကိုသတ်ရင်သတ် လူထုအာဏာကို မင်းတို့စစ်အာဏာရှင်ကို မပေးနိုင်ဘူး" လို့ ငြင်းခဲ့လို့သာ တရားဝင် အာဏာ မရနိုင်ဘဲ ၅ နှစ်ကြာအထိ လေယာဉ်ဗုံးကြဲ လူသတ် မီးရှို့ စစ်တပ်ကြီး ဖြစ်လာနေရတာပါ။ ဒီနေရာမှာ လုထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်တို့ဟာ လူထုဘက်ရပ်တည်ပြီး စစ်တပ်ကို အာဏာ မပေးခဲ့ကြသူတွေပါ။ ဒေါက်တာဇော်မြင့်မောင်ဆိုရင် ထောင်ထဲမှာ အသေခံသွားခဲ့တာပါ။

ဆရာကြီး ကြေးမုံဦးသောင်းဟာ အခုလို စစ်တပ်ရဲ့ အကောက်ကြံ ယုတ်မာတဲ့ သမိုင်းတွေကို နှောင်းလူတွေ သိရှိစေအောင် သမိုင်းတွေ ရေးခဲ့ ပြောခဲ့သူပေါ့။ သူဟာ စာအုပ်ပေါင်း ၂၈ အုပ် ရေးသားခဲ့ပါတယ်။ ဒီထဲမှာ ဗိုလ်နေဝင်း၏ စစ်ဓားပြလမ်းစဉ်၊ ဗိုလ်နေဝင်း ဇာတ်လမ်းရှုပ်သမျှ၊ ဦးနေဝင်း၏ ပြာတဆုပ်နဲ့ ဦးနေဝင်းနှင့် လက်မရွံ့အာဏာသားများ စတဲ့ စာအုပ်တွေဟာ စစ်တပ် လာဘ်စား၊ ကလိန်ကျ၊ ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ အကြောင်းအရာတွေကို နှိုက်နှိုက်ချွတ်ချွတ် ရေးသားထားတာ ဖြစ်ပါတယ်။ သူဟာ အခုလို စစ်ထောက်လှမ်းရေးကို လှည့်ပတ်ပြီး ဉာဏ်ကစားရတာကို "နင်လားဟဲ့ စစ်ထောက်လှမ်းရေး ငါတို့လားကွ သတင်းထောက်ဆိုပြီး ဂုဏ်ယူလေ့ရှိပါတယ်။" သမိုင်းမှာ စစ်တပ်ကို သတင်းထောက်က အနိုင်ယူခဲ့တဲ့ ပွဲကြီးပွဲကောင်း တပွဲ အကြောင်း သူက အခုလို ပြောပြခဲ့ပါတယ်။

“စစ်ထောက်လှမ်းရေးတွေဟာ ဟိုး ထောင့်လေးတထောင့်မှာ ဝန်ကြီးချုပ် ဦးနုနဲ့ ဗိုလ်မင်းခေါင်နဲ့ တိုးတိုးလေး ခေါင်းချင်းဆိုင် ပြောတာကိုတောင်မှ သူတို့သိတယ်။ ဥပမာဆို အခုခေတ်မှာ ဒေါ်စုတို့ ဦးဝင်းမြင့်တို့ ပြောသမျှ သူတို့ သိတယ်ပေါ့။ ဒီ MI တွေဟာ ဘယ်လောက်တောင်သိသိ သတင်းထောက် မောင်သောင်း ဘယ်မှာ ပုန်းနေတယ်ဆိုတာ သူတို့ မရှာနိုင်ခဲ့ဘူး။ အဲဒါကို အရသာရှိလွန်းလို့ပါ။ ကျနော်ဟာ စစ်တပ်နဲ့ပြိုင်တာ အကြိမ်ကြိမ်အောင်ပွဲ ရခဲ့ပါတယ်။ ဒါပေမဲ့ ကျနော့်ရဲ့ အောင်ပွဲဟာ အသေးအဖွဲပါ။ ကျနော့်ဆရာရခဲ့တဲ့ အောင်ပွဲတခုကို ကျနော် ဆက်ပြောပါမယ်။ ၁၉၆၂ ခုမှာ အာဏာသိမ်းထားတဲ့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ အစိုးရက နေပြီးတော့ကာ သတင်းစာရှင်းပွဲ ကျင်းပမယ်ဆိုပြီး နေ့တနေ့မှာ ဖိတ်ပါတယ်။ ကျနော်တို့ သတင်းထောက် ၅၀ လောက် နိုင်ငံခြားကလာတဲ့ သတင်းထောက်တွေလည်းပါတယ်။ မျက်နှာဖြူ သတင်းထောက်လည်းပါတယ်။ တရုတ်သတင်းထောက်လည်းပါတယ်။ စစ်ရုံးကို သွားကြတယ်။ စစ်ရုံးရောက်တော့ ကျနော်တို့ သတင်းထောက်တွေက အကုန် စုပြီးထိုင်နေတယ်။ ဦးနေဝင်းက မလာသေးဘူး။ လာနိုး လာနိုးနဲ့စောင့်နေတယ်။ စောင့်နေကြတော့ နာရီဝက်လောက် နောက်ကျလာတယ်။ လာတာကို ရိုးရိုးမလာဘဲနဲ့ ကျနော်တို့ရဲ့အစည်းအဝေးခန်းထဲကို မလာသေးပဲနဲ့ ဟိုဘက် အတွင်းခန်းထဲ သွားပြီးတော့ကာ သူ့စစ်ဗိုလ်တွေ သူ ဆဲတော့တာပဲ။ မအေ နှမ ယုတ်ယုတ်ပတ်ပတ် ဆဲပြီးတော့ကာ မင်းတို့က ဘာလို့ သတင်းထောက်တွေကို သတင်းစာရှင်းလင်းပွဲ လုပ်ချင်ရတာလဲ။ ဆူနေတော့ကာ ကျနော်တို့စိတ်ထဲ တို့တော့ စက်ကွင်းထိတော့မှာပဲ။ ဘယ့်နှယ်။ သူပဲ ဖိတ်လို့ လာကြတာ။ သူ ဘာလို့ စိတ်ဆိုးနေပါသလဲ တွေးပြီး တော်တော့်ကို ကြောက်တာ။ ဘာလို့လဲဆိုတော့ ဗိုလ်ချုပ်ကြီးနေဝင်းဟာ တုတ်တချောင်းနဲ့ သေနတ်တလက် အမြဲကိုင်ထားပါတယ်။ အချိန်မရွေး သူ့ရဲ့ ဝန်ကြီးတွေ ဆိုလို့ရှိရင် နားရင်း အရိုက်ခံရသူ ဝန်ကြီး တယောက် နှစ်ယောက်ရှိပါတယ်။ ကျနော်တို့ သတင်းထောက်ထဲက ဆိုလို့ရှိရင် နေရှင်းသတင်းထောက် မစ္စတာ လားစရော့ဟာ သူများမယားနဲ့ ရုံးမှာ သွားပြီးတော့ လက်မှတ်ထိုးတဲ့ပွဲမှာ ကွန်ဂရက်ကျူလေးရှင်း ဗိုလ်ချုပ်ဆိုပြီး သွားပြီးတော့ ဓာတ်ပုံရိုက်မိတော့ ပြေးရိုက်တာကို ခံရဖူးပါတယ်။ အဲ့တော့ ဗိုလ်ချုပ်ကြီး နားရင်းတီးတာကို ခံရဖူးတဲ့ ကျနော်တို့ဟာ ကြောက်တာပေါ့။ အတော်ကြောက်နေတုန်းမှာ သူက ဒေါက်ဒေါက်နဲ့ စင်မြင့်ပေါ် တက်လာတယ်။ မျက်ထောင့်နီကြီးနဲ့ အရက်ကိုးမောင်း တိုက်ထားတဲ့ ဆင်ကြီးလိုပဲ တက်လာတယ်။ ဗြုန်းဆို ထိုင်လိုက်တယ်။ ထိုင်လိုက်ပြီးတော့မှ သူက “ခင်ဗျားတို့က ဘာမေးချင်တာလဲ” အဲ့သလို ပြောတယ်။ ကျနော်တို့က ဘယ်မေးဝံ့မှာလည်း။ လျှမ်းလျှမ်းတောက် ဗိုလ်ချုပ်ကြီး၊ လူတွေရိုက်တဲ့ ဗိုလ်ချုပ်ကြီး။ သေနတ်နဲ့ မထင်ရင် မထင်သလို ပစ်တတ်တဲ့ ဗိုလ်ချုပ်ကြီးကို ကျနော် မမေးဝံ့ပါဘူး။ ကျနော်တို့ သတင်းထောက် ၅၀ လုံးလည်း မမေးရဲပါဘူး။ အဲ့ဒါကို သူကကြည့်နေတယ်။ Press Conference ကြီး တခုလုံးလည်း ငြိမ်သက်နေတယ်။ အဲ့သည်အချိန်မှာ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ ဗမာ့ခေတ် ဦးအုန်းခင်က ယဉ်ယဉ်ကျေးကျေးနဲ့ ကုလားထိုင်မှာ ထိုင်နေရာကနေ ခြေထောက်တဖက်ကို ပေါင်ပေါ်တင်လိုက်ပါတယ်။ တင်ပြီးတော့သူက ပုဆိုးကို လှန်တယ်။ လှန်ပြီးတော့သူက ဒူးကို တဖြတ်ဖြတ် ပုတ်ပါတယ်။ အဲဒါနဲ့ ဘာမှမပြောကြဘဲ ဦးအုန်းခင်ရဲ့ ဒူးပုတ်သံပဲ ကြားနေရတယ်။ အဲ့သည်အခါမှ သူက ဦးအုန်းခင်ကို လှမ်းကြည့်ပြီး "ခင်ဗျားက ဘာမေးချင်တာလဲ" တဲ့။ မေးတယ်။ အဲ့သည်တော့မှ ဦးအုန်းခင်က မတ်တတ်ရပ် မပြောဘူး။ ယဉ်ယဉ်ကျေးကျေး မပြောဘူး။ ထိုင်လျက်ကနေ "ဗိုလ်နေဝင်း" လို့ ခေါ်လိုက်တယ်။ အဲ့သည်တော့မှ ဦးအုန်းခင်ကတော့ စစ်တပ်ကို စစ်ကြေညာလိုက်ပြီဟေ့ဆိုပြီး ထင်ကြတယ်။ ဘာလို့လဲဆိုတော့ စစ်ဗိုလ်ချုပ်ကြီးက သူ့ကို ဗိုလ်နေဝင်းလို့ ခေါ်တဲ့အပြစ်ဟာ အလွန်ကြီးပါတယ်။ ဗိုလ်မှူးတယောက်ကို ဗိုလ်တပ်ခေါ်ရင်တောင် ပါးရိုက်ခံကြရပါတယ်။ စစ်ဗိုလ်တွေအဖို့ ခံရအခက်ဆုံးပါ။ ဗိုလ်နေဝင်းတဲ့ သူက ခေါ်လိုက်တယ်။ လက်ညှိုးထိုးပြီးတော့။ “ကျုပ်တို့ သတင်းထောက်တွေက မေးစရာရှိတယ်လို့ ခင်ဗျားတို့ကို မပြောဘူး။ ခင်ဗျားတို့ စစ်တပ်က ပြောစရာ ရှိတယ်လို့ ဖိတ်တာကြောင့် လာတာ။ အဲ့သည်တော့ ခင်ဗျား ပြောစရာရှိရင်ပြော။ ပြောစရာမရှိရင် ကျုပ်တို့ အချိန်ဖြုန်း မခံနိုင်ဘူးဗျ။” လို့ ပြောလိုက်တယ်။ အဲ့အခါ ဦးနေ၀င်းဟာ မြတ်စွာဘုရားနဲ့တွေ့တဲ့ နာဠာဂီရိ ဆင်ကြီးလိုပေါ့လေ ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ ဆိုတဲ့အခြေ ဖြစ်သွားတယ်။ သူ့ဘေးက ဗိုလ်မှူးကြီးတွေတောင်မှ ငါ့ဆရာတော့ ပစ်တော့မလား။ ဆွဲရမလား ဖြစ်နေကြပြီပေါ့။ စကားနဲ့တောင်မှ ဦးအုန်းခင်ကို ပြန်မပြောဝံ့ပါဘူး။ ကျန်တာ ဘာမှ မလုပ်ဘဲနဲ့ ဝုန်းဆို ထထွက်ပြေးသွားပါတယ်။ အဲ့သတော့မှ ဒါဟာ စီးချင်းထိုး တိုက်ပွဲမှာ၊ သတင်းထောက်ချုပ်နဲ့ စစ်ဗိုလ်ချုပ်ကြီး စီးချင်းထိုး တိုက်ပွဲမှာ စစ်ဗိုလ်ချုပ်ကြီးဆိုတာ အလကားကောင်ကြီးပါဆိုတာကို ဒီတသက်မှာ ဒီပွဲကြီးပွဲကောင်းကို အမြဲပဲ ပြောလေ့ရှိပါတယ်။ အဲ့သည်အခါ ကျတော့ကာ ကျနော်တို့သတင်းထောက်တွေက ပြောပါတယ်။ ဘယ်လို ပြောလဲဆိုတော့ကာ ဟေ့ကောင် ဗိုလ်ချုပ်ကြီးနေဝင်းဟာ သူ့မှာ သေနတ်လည်းရှိတယ်။ နောက်မှာ စစ်သားတွေလည်းရှိတယ်။ လူတွေလည်း သတ်နိုင်တယ်။ တခါတည်း ဝန်ကြီးချုပ်လည်း ဖမ်းနိုင်တယ်။ ဒါပေမဲ့ သတင်းထောက်နဲ့တွေ့တဲ့အခါ စကားတခွန်းတောင်မှ ပြန်မဖြေဝံ့တာမို့ ဒီကောင်ကြီးဟာ ကြက်အီးကြီးပါကွာလို့ သတင်းထောက်တွေက ပြောကြပါတယ်။ ဒီတော့ စစ်တပ်ဗိုလ်ချုပ်တွေဟာ သူတို့ လူဘယ်လောက်သတ်သတ်၊ သေနတ်ဘယ်လောက်ရှိရှိ။ သတင်းထောက် မေးတာတွေကို ပြန်မဖြေရဲတဲ့ ကြက်အီးတွေပါခင်ဗျား။

ဒါကတော့ ဆရာကြီးကြေးမုံဦးသောင်း စာပေဟောပြောပွဲမှာ ပြောပြခဲ့တာပါ။ စစ်ဗိုလ်ချုပ်တွေဟာ အခုထိ သတင်းထောက်ကို ကြောက်ဆဲပါ။ စစ်တပ် သတင်းစာရှင်းပွဲတောင် မလုပ်တာကြာပါပြီ။ အခုလို စစ်တပ်က မီဒီယာသမားတွေကို ဖိနှိပ်နေတဲ့ အချိန်မျိုးမှာ သတင်းသူရဲကောင်းကြီး ကြေးမုံဦးသောင်း(အောင်ဗလ) ရဲ့ သတင်းမှန် ဖော်ထုတ်ရေးသားတဲ့ သရော်စာတွေ ရေးတဲ့ သမိုင်းတွင်တဲ့ လုပ်ရပ်တွေကို ဆက်လက် ဖော်ထုတ်ကြရမှာပါ။ ၂၀၂၅ ခုနှစ် အောက်တိုဘာလ ၄ ရက်မှာ သူ ရှိနေသေးရင် ၉၉ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ ကြေးမုံဦးသောင်း ရာပြည့်အကြိုပေါ့။ ။

မောင်တူး

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024