
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်၊ ကျောက်ဖယားမြစ်ကမ်းက အထင်ကရနေရာဖြစ်တဲ့ ICONSIAM ကုန်တိုက်ကြီးမှာ နတ်ရွာစံ ဘုရင့်မယ်တော် သီရိခေတ်ကို ဂုဏ်ပြုတဲ့အနေနဲ့ ၅ ရက်ကြာ ပွဲတော်နဲ့ နှစ်သစ်ကို ကြိုဆိုခဲ့ပါတယ်။
“Amazing Thailand Countdown 2026” လို့ နာမည်ပေးထားတဲ့ ပွဲကို ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်ကနေ ၃၁ ရက်အထိ ကျင်းပခဲ့ပြီး ကမ္ဘာ့အဆင့်မီ အနုပညာရှင် မာ့ခ်တွမ်က ဦးဆောင်ကျင်းပခဲ့ပါတယ်။
သဘာဝပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်တဲ့ မီးရှူးမီးပန်းတွေနဲ့ ဒရုန်းတွေ ပေါင်းစပ်ထားပြီး မိနစ် ၂၀ ကြာတဲ့ 4D ကောင်းကင်ပြပွဲတခုလည်းဖြစ်ပါတယ်။
စီယံပီဝပ်အုပ်စုရဲ့ အမှုဆောင်အရာရှိချုပ် ချာဒါတစ် ချူထရာကူးလ်က “ဒီနှစ်မှာ ထိုင်းလူမျိုးအားလုံးရဲ့ ပိုကောင်းတဲ့ဘဝအတွက် မြှင့်တင်ပေးခဲ့တဲ့ ဘုရင်မကြီးရဲ့ တသက်တာ လုပ်ငန်းအတွက် ဂုဏ်ပြုချင်ပါတယ်။ ဒါ့အပြင် သူဟာ ထိုင်းနိုင်ငံရဲ့ နူးညံ့တဲ့စွမ်းအားကို နည်းလမ်းပေါင်းစုံနဲ့မြှင့်တင်တဲ့ ချန်ပီယံ တယောက်လည်း ဖြစ်ပါတယ်။ သူဟာ အမွေအနှစ်အားလုံး၊ လက်မှုပညာအားလုံးကို ထိန်းသိမ်းခဲ့ပြီး တနိုင်ငံလုံးက ပတ်ဝန်းကျင်ကို ပံ့ပိုးပေးခဲ့ပါတယ်။ ဒါကြောင့်ထိုင်းလူမျိုးအားလုံးအတွက် အမှတ်ရစရာ အခိုက်အတန့်တခုကို ဖန်တီးပေးချင်ပါတယ်” လို့ ပြောပါတယ်။
ထိုင်းလူမျိုးတွေအတွက် ဒီပွဲတော်ဟာ နက်ရှိုင်းတဲ့ ကိုယ်ရေးကိုယ်တာ အဓိပ္ပာယ်ရှိပါတယ်။ မီးရှူးမီးပန်းတွေ မှေးမှိန်ပြီး ၂၀၂၆ ခုနှစ် စတင်တဲ့အခါ ထိုင်းနိုင်ငံဟာ ကမ္ဘာ့ထိပ်တန်း ပွဲတော်နေရာတခုအဖြစ် ဘာကြောင့် နာမည်ကောင်းရခဲ့တယ် ဆိုတာကို ထပ်ပြသခဲ့ပါတယ်။
နိုင်ငံတကာဧည့်သည် ၅ သိန်းကျော်ဟာ ထိုင်းနိုင်ငံမှာ နှစ်သစ်ကူးပွဲတော်ကို ကျင်းပခဲ့ကြတယ်လို့ ထိုင်းခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့က ခန့်မှန်းထားပါတယ်။
သိသာထင်ရှားတဲ့ စီးပွားရေး အကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေခဲ့ပြီး ခရီးသည်တွေဟာ နိုင်ငံတော်ကို ထိပ်တန်းနေရာတခု ဖြစ်စေတဲ့ နွေးထွေးမှု၊ ယဉ်ကျေးမှုနဲ့ အံ့မခန်းပွဲတော်တွေကို ခံစားခဲ့ကြတယ်လို့လည်း ဆိုထားပါတယ်။
Source: Reuters


