
ထိုင်းနိုင်ငံ မြို့တော်ဘန်ကောက်နဲ့ ခရိုင် ၂၄ ခုမှာ ကျန်းမာရေးထိခိုက်နိုင်တဲ့ ဖုန်မှုန့်နဲ့ လေထုညစ်ညမ်းမှုတွေ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတဲ့အကြောင်း ဒီဇင်ဘာ ၂၉ ရက် ဒီနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ ဘူမိသတင်းအချက်အလက်နှင့် အာကာသနည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (Gistda) က မနက် ၇ နာရီ တိုင်းထွာချက်တွေအရ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကို ကိုးကားကာ ခုလို ဖော်ပြလိုက်တာဖြစ်ပါတယ်။
ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်ဆာခွန်ကတော့ အဆိုးရွားဆုံးဒေသအဖြစ် ဖုန်မှုန့်ပမာဏ ၁ ကုဗမီတာမှာ ၅၈ ဒသမ ၆ မိုက်ခရိုဂရမ်နဲ့ အမြင့်ဆုံး ဖြစ်နေတယ်လို့ ဆိုပါတယ်။
လေထုအရည်အသွေးကို တိုင်းတာစစ်ဆေးရာမှာ အချက်အလက်တွေ အများကြီးရှိပေမဲ့ အခုထုတ်ပြန်ချက်တွေကိုတော့ PM 2 ဒသမ 5 (လေမှာပါတဲ့ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ အမှုန်ပါဝင်နှုန်း) ကို အဓိကထား တိုင်းတာဖြစ်ပြီး အဲဒီအမှုန်တွေက ဆံချည်မျှင်ထက် ၂၅ ပုံ တပုံပဲ ရှိတာဖြစ်ပါတယ်။
အဲဒီအမှုန်တွေဟာ သေးငယ်လွန်းတာကြောင့် နှာခေါင်းကနေတဆင့် အဆုတ်ထဲအထိ တိုက်ရိုက်ရောက်ရှိနိုင်ပြီး သွေးကြောထဲအထိ စိမ့်ဝင်နိုင်တဲ့အတွက် ကျန်းမာရေးအတွက် အလွန်အန္တရာယ်များပါတယ်။
ထိုင်းအစိုးရက သတ်မှတ်ထားတဲ့ ဘေးကင်းလုံခြုံမှု အဆင့်အတန်းကတော့ ၁ ကုဗမီတာမှာ ၃၇ ဒသမ ၅ မိုက်ခရိုဂရမ် ဖြစ်ပြီး အခုတွေ့ရှိချက်မှာတော့ ၃၇ ဒသမ ၇ ကနေ ၅၈ ဒသမ ၆ မိုက်ခရိုဂရမ်အထိ တွေ့ရှိရတာဖြစ်ကာ သတ်မှတ်ချက်ထက် ကျော်လွန်နေပြီး ဘေးမကင်းတဲ့ အဆင့်ကို ရောက်ရှိနေတာ ဖြစ်ပါတယ်။
အေဂျင်စီက ထုတ်ပြန်ထားတဲ့ ထိခိုက်မှုရှိနေတဲ့ ဒေသတွေထဲမှာတော့ စမွတ်ဆောင်ခရမ်၊ ဆင်းဘူရီ၊ နခွန်ပထုံ၊ ချိုင်နပ်၊ ဖိချစ်၊ ဆူဖန်ဘူရီ၊ အန်ထောင်၊ ဖိစနူလွတ်၊ ရာ့ချ်ဘူရီ၊ ကမ်ဖိုင်ဖတ်၊ ဥထိုင်းဌာနီ၊ လန်ဖွန်၊ နခွန်စာဝန်၊ ချိုင်ယဖွန်၊ ဖက်ချ်ဘူရီ၊ နောင်ခိုင်၊ ကန်ချနာဘူရီ၊ ကာလာဆင်၊ ဖက်ချ်ဘွန်၊ လော့ဘူရီ၊ အယုဒ္ဓယ၊ နွန်ထဘူရီ၊ ဘန်ကောက်နဲ့ ခွန်ကန်တို့ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
လေထုအရည်အသွေး အကောင်းဆုံးဒေသ ၅ ခုကတော့ မယ်ဟောင်ဆောင်၊ ဖူးခက်၊ ခရာဘီ၊ ဆူရတ်ဌာနီနဲ့ ဖန်ငတို့ဖြစ်ပြီး အဆိုပါဒေသတွေမှာ လေထုအရည်အသွေး အလွန်ကောင်းမွန်နေတယ်လို့ ဆိုပါတယ်။
ကျန်ရှိတဲ့ တခြားဒေသတွေမှာတော့ လေထုအရည်အသွေး ကောင်းမွန်တဲ့အဆင့်၊ ဒါမှမဟုတ် အသင့်အတင့်ရှိ အဆင့်မှာ ရှိနေတယ်လို့ ဆိုပါတယ်။
ဒါကြောင့်မို့ အကြံပြုချက်အနေနဲ့ အဆိုပါဒေသတွေက ပြည်သူတွေအနေနဲ့ အပြင်ထွက်ပါက နှာခေါင်းစည်း Mask တပ်ဆင်ကြဖို့နဲ့ ကျန်းမာရေးကို ဂရုပြုကြဖို့ လိုအပ်တယ်လို့ နှိုးဆော်ထားပါတယ်။
Source: Bangkok Post


