Home
မြန်မာသတင်း
နှစ်သစ်ကူးကာလ ထိုင်းရောက်မြန်မာများ ဘာတွေသတိထားသင့်လဲ
DVB
·
December 31, 2025

ခရီးသွားဧည့်သည် အများအပြား လာရောက်တဲ့ နှစ်သစ်ကူးကာလမျိုးမှာ ထိုင်းနိုင်ငံက ထုတ်ပြန်တဲ့ သတိပေးချက်တွေကို ထိုင်းရောက် မြန်မာတွေ လိုက်နာဖို့ အလုပ်သမားရေး ကူညီပေးသူတွေက တိုက်တွန်းထားပါတယ်။

လက်ရှိအချိန်မှာ ထိုင်းကို နှစ်သစ်ကူးပွဲတော် ဆင်နွှဲဖို့ ကမ္ဘာအရပ်ရပ်က ခရီးသွားဧည့်သည်တွေ အများအပြား ရောက်ရှိနေကြပါတယ်။ ခရီးသွားဧည့်သည်တွေ အများအပြား လာရောက်ကြတဲ့ အခုလို နှစ်သစ်ကူးကာလမှာ အန္တရာယ်ကင်းရေးအတွက် ဒီဇင်ဘာ ၃၀ ရက်ကနေ ဇန်နဝါရီ ၅ ရက်အထိကို အန္တရာယ်ရှိ ရက်သတ္တပတ်အဖြစ် ထိုင်းနိုင်ငံမှာ သတ်မှတ်ထားပါတယ်။

ဒီလို သတ်မှတ်ထားတဲ့ ရက်တွေမှာ ထိုင်းရဲတပ်ဖွဲ့တွေက လမ်းတွေမှာ စစ်ဆေးရေးဂိတ်တွေ များစွာ ချထားပြီး စည်းကမ်းတွေ ပိုပြီးတင်းကျပ်ထားတာမို့ ထိုင်းနိုင်ငံကို ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာတွေ သတိထားသင့်တဲ့အချက်တွေ ရှိနေပါတယ်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုစိုင်းယုမောင်က “ပွဲတော်ရက်တွေမှာ အမြဲတန်း လုံခြုံရေးတင်းကျပ်တာ များတဲ့အတွက် ကိုယ့်ရဲ့ ပတ်စ်ပို့၊ စီအိုင်တို့ ပန်းရောင်ကတ်တို့ကို အမြဲတမ်း ဆောင်ထားသင့်တာပေါ့နော်၊ အပြင်ထွက်တာပဲဖြစ်ဖြစ်။ ပြီးတော့ အဲဒီ စာရွက်စာတမ်း သက်တမ်းကုန် မကုန်တာတွေကလည်း သတိထားရမဲ့ ဟာလေးတွေပေါ့။ ခုနကပြောသလို အန္တရာယ်များတဲ့ ၇ ရက်ဆိုပြီး သတ်မှတ်ထားတာ တင်စားလေ့ရှိတယ်။ အဲလိုကာလမှာ မူးယစ်ပြီးတော့ ဆိုင်ကယ်မောင်းတာတို့၊ ကားမောင်းတာတို့ ဒါတွေကို ရှောင်ဖို့ လိုတယ်။ တကယ်လို့ စစ်ဆေးတွေ့ရှိတယ်ဆိုရင် ဒဏ်ငွေအမြောက်အမြား ပေးရနိုင်တဲ့ အခြေအနေရှိတယ်။ ဒဏ်ငွေဆောင်ရုံမက နောက်ဆုံးမှာ ထောင်ဒဏ်နဲ့ နောက်ဆုံးမှာ ပြည်နှင်ဒဏ်ပါ ပေးခံရနိုင်တယ်။ အဲဒါကြောင့် ဒါတွေကို သတိထားရမယ်” လို့ ပြောပါတယ်။

ဒါ့အပြင် မိမိရဲ့ နေထိုင်ခွင့်တွေကို ထိခိုက်ဆုံးရှုံးနိုင်တာမို့ ပွဲလမ်းသဘင်တွေမှာ လူစုလူဝေးနဲ့ စားသောက် ရန်ဖြစ်တာမျိုးတွေ မဖြစ်ဖို့၊ ဒေသခံတွေနဲ့ ပြဿနာမဖြစ်ဖို့၊ တခြားနိုင်ငံခြားသားတွေနဲ့ ပြဿနာမဖြစ်အောင် နေထိုင်ကြဖို့ကိုလည်း သတိပေးခဲ့ပါတယ်။

ချင်းမိုင်မြို့မှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတယောက်ဖြစ်တဲ့ ကိုကျော် ကလည်း နှစ်သစ်ကူးပွဲတော်မှာ မူးရင် မမောင်းနဲ့ မောင်းရင် မမူးနဲ့လို့ သတိပေးခဲ့ပြီး လုံခြုံရေးတင်းကျပ်ချိန် အစစ်အဆေးများတဲ့အတွက် စာရွက်စာတမ်း အထောက်အထား မစုံသူတွေ အထူးဂရုစိုက်ကြဖို့ တိုက်တွန်းပါတယ်။

“အထောက်အထား မစုံလင်တဲ့သူတွေလည်း ဖြစ်နိုင်ရင် အသွားအလာ သတိထားကြဖို့ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ လုံခြုံရေးက အရမ်းတင်းကျပ်နေတဲ့ကာလ ဖြစ်တဲ့အတွက်ပေါ့နော်၊ ကိုယ်က ကောင်းကောင်းနေလျက်သားနဲ့ သူတပါးက ပြဿနာဖြစ်တယ်၊ ကိုယ်ပါ ကြားထဲက စစ်ဆေးခံရတဲ့အချိန်မှာ ကိုယ့်မှာ စာရွက်စာတမ်းတွေ အစုံအလင် မရှိဘူးဆိုရင် ကိုယ့်မှာ ဘာမှ အပြစ်မလုပ်ဘဲနဲ့ အရေးယူခံရနိုင်တယ်ပေါ့။ အဲ့တော့ကျတော့ ဂရုစိုက်ကြပါပေါ့နော်။”

ဘန်ကောက်ပို့စ်ရဲ့ သတင်းဖော်ပြချက်အရ နှစ်သစ်ကူးကာလ ဆင်နွှဲသူတွေကို တရားရုံးချုပ်က အရက်သောက်ပြီး ကား၊ ဆိုင်ကယ် မောင်းတာမိရင် အနည်းဆုံး ထောင်ဒဏ် ၁ နှစ် ဒါမှမဟုတ် ဒဏ်ငွေ ဘတ် ၅,၀၀၀ ကနေ ၂၀,၀၀၀ အထိ ပေးဆောင်ရမယ်လို့ အထူးသတိပေးချက် ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ယာဉ်မောင်းလိုင်စင်ကိုလည်း အနည်းဆုံး ၆ လ ပိတ်သိမ်းမှာဖြစ်သလို လုံးဝ သိမ်းဆည်းခံရတာမျိုးလည်း ရှိနိုင်ပါတယ်။ ဒါ့အပြင် တပါးသူကို ထိခိုက်မိရင်တော့ အရေးယူမှုတွေက ပိုပြီးပြင်းထန်နိုင်ပါတယ်။

အရက်တင်မကဘဲ မူးယစ်ဆေးသုံးပြီး မောင်းနှင်ပါကလည်း ပြစ်ဒဏ်အနေနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ၄ လအထိ ဖြစ်စေ၊ ဒဏ်ငွေ ဘတ် ၂၆,၆၆၆ အထိဖြစ်စေ ချမှတ်ခံရနိုင်ပါတယ်။

အခုလာမဲ့ အများပြည်သူ ရုံးပိတ်ရက်တွေမှာလည်း ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်တွေအတွက် တနိုင်ငံလုံး တရားရုံးတွေကို ဖွင့်လှစ်ထားမယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားပါတယ်။

မြတ်သဇင် 

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013