
ထိုင်းနဲ့ ကမ္ဘောဒီးယား အိမ်နီးချင်း ၂ နိုင်ငံတို့ သီတင်းပတ်ကုန်ရက်မှာ သဘောတူခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး ပြန်စပြီးတဲ့နောက် ထိုင်းနိုင်ငံကနေ ပြန်လွတ်လာတဲ့ ကမ္ဘောဒီးယားစစ်သား ၁၈ ယောက်ကို တင်ဆောင်လာတဲ့ ယာဉ်တန်းဟာ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်လာချိန်မှာ လူအုပ်ကြီးက ကမ္ဘောဒီးယားအလံတွေကို ဝှေ့ယမ်း ကြွေးကြော် ကြိုခဲ့ကြပါတယ်။
စစ်သားတွေကို ပြန်ပို့ဖို့ နဂိုက ဒီဇင်ဘာ ၃၀ ရက်မှာ စီစဉ်ထားပေမဲ့ ကမ္ဘောဒီးယားက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ချိုးဖောက်တယ်လို့ စွပ်စွဲရင်း ထိုင်းနိုင်ငံက ရွှေ့ဆိုင်းခဲ့ပါတယ်။ ကမ္ဘောဒီးယားဘက်ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆန်ပါတယ်။
ကမ္ဘောဒီးယား စစ်သားတွေဟာ ထိုင်းနိုင်ငံမှာ ၁၅၅ ရက်ကြာ ထိန်းသိမ်းခံရပြီးတဲ့နောက် ဒီဇင်ဘာ ၃၁ ရက် ဒေသစံတော်ချိန် မနက် ၁၀ နာရီမှာ နယ်စပ်စစ်ဆေးရေးဂိတ်မှာ သူတို့ကို လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မလီဆိုချီတာက ပြောပါတယ်။
စစ်သားတွေ ထိန်းသိမ်းခံထားချိန်အတွင်း "နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှု ဥပဒေတွေ မူတွေနဲ့အညီ" ဆက်ဆံခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။
ဇူလိုင်လမှာ အရင်ပဋိပက္ခကို ရပ်တန့်ဖို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်နဲ့ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်တို့ ကြားဝင်ညှိနှိုင်းပေးခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားပြီးတဲ့နောက် နယ်စပ်ပဋိပက္ခတွေ အခုလအစောပိုင်းမှာ ပြန်ဖြစ်ခဲ့ပါတယ်။
Source: Reuters


