
ထိုင်းနိုင်ငံမှာ အခုလာမဲ့ နှစ်သစ်ကူး အားလပ်ရက်ကာလအတွင်း မော်တော်ယာဉ် မောင်းနှင်သူတွေအနေနဲ့ အရက်သေစာ၊ ဒါမှမဟုတ် မူးယစ်ဆေးဝါး သုံးစွဲပြီး မောင်းနှင်တာ မပြုလုပ်ကြဖို့နဲ့ ဖောက်ဖျက်ပါက ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ရင်ဆိုင်ရမယ်လို့ ထိုင်းနိုင်ငံ တရားရုံးချုပ်က သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
ထိုင်းတရားရုံးပြောရေးဆိုခွင့်ရှိသူ စုရိယန် ဟုန်းဝီလိုင်က နှစ်သစ်ကူး အားလပ်ရက်တိုင်း တရားရုံးကို ရောက်ရှိလာတဲ့ အမှုအခင်းတွေ၊ အထူးသဖြင့် ယာဉ်အန္တရာယ် ကင်းရှင်းရေး ဥပဒေချိုးဖောက်မှုတွေ သိသိသာသာ မြင့်တက်လာလေ့ရှိတယ်လို့ ပြောပါတယ်။
အဖြစ်အများဆုံး ပြစ်မှုတွေထဲမှာတော့ အရက်၊ ဒါမှမဟုတ် တခြားမူးယစ်စေတတ်တဲ့ အရာတွေ သုံးစွဲပြီး ယာဉ်မောင်းနှင်တာကို တားမြစ်ထားတဲ့ ပုဒ်မ ၄၃ (၂) အရ အရေးယူ သွားမယ့် "မူးယစ် မောင်းနှင်မှု" ပါဝင်နေတယ်လို့ ဆိုပါတယ်။
ထိုင်းတရားရုံးက သတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေအအရ အခြေခံပြစ်ဒဏ်အနေနဲ့ အရက်မူးပြီး မောင်းနှင်သူတွေဟာ ထောင်ဒဏ် ၁ နှစ်အထိ ဖြစ်စေ၊ ငွေဒဏ် ဘတ် ၅,၀၀၀ က နေ ၂၀,၀၀၀ အထိ ဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ခံရမယ့်အပြင် ယာဉ်မောင်းလိုင်စင်ကို အနည်းဆုံး ၆ လ ပိတ်သိမ်းတာ၊ ဒါမှမဟုတ် အပြီးအပိုင် ပယ်ဖျက်တာ ခံရနိုင်တယ်လို့ ဆိုပါတယ်။
တကယ်လို့ ထိခိုက်ဒဏ်ရာရမှုရှိမယ်ဆိုရင်တော့ တခြားသူကို ရုပ်ပိုင်းဆိုင်ရာ၊ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေခဲ့ပါက ထောင်ဒဏ် ၁ နှစ်ကနေ ၅ နှစ်အထိနဲ့ ငွေဒဏ် ဘတ် ၂၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ချမှတ်ခံရမှာ ဖြစ်ပါတယ်။
ပြင်းထန်ထိခိုက်ဒဏ်ရာရရှိမှု ဖြစ်မယ်ဆိုပါက ထောင်ဒဏ် ၂ နှစ်ကနေ ၆ နှစ်အထိနဲ့ ငွေဒဏ် ဘတ် ၄၀,၀၀၀ ကနေ ၁၂၀,၀၀၀ အထိ ချမှတ်နိုင်မယ်လို့ ဆိုပါတယ်။
တကယ်လို့ လူသေဆုံးမှု ဖြစ်ပွားခဲ့ပါက ထောင်ဒဏ် ၃ နှစ်ကနေ ၁၀ နှစ်အထိ မြင့်တက်သွားမယ့်အပြင် ငွေဒဏ် ဘတ် ၆၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ပြစ် ဒဏ်ချမှတ်ခံရမှာဖြစ်ပြီး ယာဉ်မောင်းလိုင်စင်ကိုလည်း အပြီးအပိုင် ပယ်ဖျက်သွားနိုင်တယ်လို့ ထိုင်းတရားရုံးချုပ်က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးသုံးစွဲပြီး မောင်းနှင်ခြင်း ပုဒ်မ ၄၃ အရ ယာဉ်မောင်းနှင်နေစဉ် မူးယစ်ဆေးဝါး၊ ဒါမှမဟုတ် စိတ်ကို ပြောင်းလဲစေတဲ့ ဆေးဝါးတွေ သုံးစွဲတာတွေကိုလည်း တားမြစ်ထားသလို အဲဒီလိုပြုလုပ်ပါက တခြားဥပဒေတွေမှာ သတ်မှတ်ထားတဲ့ ပြစ်ဒဏ်တွေထက် သုံးပုံတပုံ ပိုမိုတိုးမြှင့် အရေးယူမှာဖြစ်တဲ့အတွက် ထောင်ဒဏ် ၁ နှစ်နဲ့ ၄ လအထိ ဖြစ်စေ၊ ငွေဒဏ် ဘတ် ၂၆,၆၆၆ အထိ ဖြစ်စေ ချမှတ်ခံရနိုင်ပြီး လိုင်စင်ပိတ်သိမ်းတာ၊ ဒါမှမဟုတ် ပယ်ဖျက်တာ ခံရနိုင်တယ်လို့လည်း သတိပေးထားပါတယ်။
အခုလာမယ့် အများပြည်သူ ရုံးပိတ်ရက်တွေမှာလည်း ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်တွေအတွက် တနိုင်ငံလုံး တရားရုံးတွေကို ဖွင့်လှစ်ထားမယ်လို့ မစ္စတာ စုရိယန်က ပြောပါတယ်။


