
ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံတွေက စစ်ဘက်ကိုယ်စားလှယ်တွေဟာ အငြင်းပွားနေတဲ့ နယ်စပ်တလျှောက် အပစ်အခတ်ရပ်စဲရေး၊ စောင့်ကြည့်ရေး ယန္တရားတွေနဲ့ ပတ်သက်တဲ့ တရားဝင်ဆွေးနွေးပွဲတွေအတွက် ပြင်ဆင်ဖို့ ဒီဇင်ဘာ ၂၄ ရက်က ချန်တာဘူရီပြည်နယ်ထဲက နယ်စပ်ရဲ့ ထိုင်းဘက်ခြမ်းမှာ အစည်းအဝေးတရပ် ကျင်းပခဲ့ပါတယ်။
အထွေထွေနယ်စပ်ကော်မတီ (GBC) ရဲ့ အတွင်းရေးမှူးအဖွဲ့အဆင့် အစည်းအဝေးကို ဘန်ဖတ်ကတ် အမြဲတမ်းစစ်ဆေးရေးဂိတ်မှာ စတင်ခဲ့တာပါ။
အစည်းအဝေးအပြီးမှာ ထိုင်းဘက်ခြမ်း GBC အတွင်းရေးမှူး နွတ်တာပွန် ပရာကယောင်းက ကနဦး ဆွေးနွေးပွဲတွေဟာ ကြာသပတေးနေ့ မနက် ၉ နာရီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ကိုယ်စားလှယ်အဖွဲ့ အင်အားပြည့် အစည်းအဝေးအတွက် အစီအစဉ်ကို ချမှတ်ဖို့ အဓိကထားခဲ့တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
နှစ်ဖက်စလုံးက ရပ်တည်ချက်တွေကို ဖလှယ်ပြီးပြီလို့လည်း နွတ်တာပွန်က မှတ်ချက်ပြုခဲ့ပါတယ်။
ဒီအစည်းအဝေးမှာ နှစ်ဖက်စလုံးက ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ တတိယအကြိမ်မြောက် အထူး GBC အစည်းအဝေးအတွက် ပြင်ဆင်ဖို့ စာရွက်စာတမ်းတွေကို ဆွေးနွေးဖလှယ်ကြမှာဖြစ်ပြီး ရန်လိုတာတွေ ရပ်တန့်စေဖို့နဲ့ နှစ်နိုင်ငံအကြား တည်ငြိမ်မှုကို ပြန်ထိန်းသိမ်းဖို့ ဖြေရှင်းနည်းတွေ ရှာဖို့အပြင် ပုံမှန်အခြေအနေကို အမြန်ပြန်ရောက်စေဖို့ ရည်ရွယ်တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်ချုပ်ကြီး မာလီ ဆိုချီတာက ပြောခဲ့ပါတယ်။
ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဆူရာဆန့် ကွန်စီရီက အတွင်းရေးမှူးရုံး အစည်းအဝေးကို ဗုဒ္ဓဟူးနေ့ကနေ သောကြာနေ့အထိ ကျင်းပမယ်လို့ ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ပြောပါတယ်။
ကနဦးဆွေးနွေးမှုတွေ ချောမွေ့ရင် စနေနေ့မှာ နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးတွေအကြား အစည်းအဝေးတခု ကျင်းပမယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ထိုင်းစစ်သား ၂၃ ယောက် သေဆုံးပြီး နှစ်ဖက်အကြား ပဋိပက္ခတွေ ဆက်ဖြစ်နေတုန်းပဲလို့ ဆူရာဆန့်က မှတ်ချက်ပြုခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့မနက် ၈ နာရီအထိ ရက်ရှည်ပဋိပက္ခအတွင်း ထိုင်းအရပ်သား ၄၂ ယောက် သေဆုံးပြီး ၁၃ ယောက် ဒဏ်ရာရခဲ့ပါတယ်။
ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခဟာ ဒီဇင်ဘာ ၇ ရက်ကစပြီး တကျော့ပြန်ဖြစ်နေပြီး တိုက်ခိုက်မှုကို တဖက်က စတင်ခဲ့တာလို့ နှစ်ဖက်စလုံးက အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။
Source: Reuters


