
ပေကျင်းဟာ စစ်ရေးလေ့ကျင့်မှုတွေရဲ့ တစိတ်တပိုင်းအဖြစ် ထိုင်ဝမ်ကျွန်းဆီကို ဒုံးကျည်တွေ ပစ်ခတ်ခဲ့ပြီးနောက်မှာ ထိုင်ဝမ်ကျွန်းဟာ သူ့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့နဲ့ တရုတ်ရဲ့ တိုးပြီးလုပ်ဆောင်လာတဲ့ ချဲ့ထွင်မှုကို ရင်ဆိုင်ဖို့ သူ့ရဲ့ကာကွယ်ရေးကို မြှင့်တင်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က ဇန်နဝါရီ ၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ထိုင်ဝမ်ပြည်သူတွေဟာ မိမိကိုယ်ကိုကာကွယ်ဖို့ စိတ်ပိုင်းဖြတ်ထားခြင်း ရှိ မရှိကို စောင့်ကြည့်နေကြောင်း လိုင်ချင်းတယ်က ထိုင်ပေရှိ သမ္မတရုံးက တိုက်ရိုက်ထုတ်လွှင့်တဲ့ နှစ်သစ်ကူးမိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။
တရုတ်ဟာ ၂၀၂၇ ခုနှစ်မှာ ထိုင်ဝမ်အတွက် တိုက်ပွဲမှာ အနိုင်ရဖို့ ပြင်ဆင်နေကြောင်း အမေရိကန် အစီရင်ခံစာနဲ့ ပတ်သက်ပြီး မေးမြန်းကြည့်ရာမှာ သမ္မတ လိုင်က “တရုတ်နိုင်ငံအနေနဲ့ သူတို့ရဲ့ ရည်မှန်းချက်တွေကို သတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း အောင်မြင်အောင် လုပ်ဆောင်နိုင်ပါ့မလား ဆိုတာကတော့ တကဏ္ဍပေါ့လေ” လို့လည်း ပြောကြားခဲ့ပါတယ်။
“လာမဲ့ ၂၀၂၆ ခုနှစ်ဟာ ထိုင်ဝမ်အတွက် အရေးကြီးတဲ့နှစ်တနှစ် ဖြစ်လိမ့်မယ်” လို့လည်း သူက ပြောကြားခဲ့ပြီး ထိုင်ဝမ်ဟာ “အဆိုးဆုံးအတွက် အစီအစဉ်တွေဆွဲရမယ်၊ ဒါပေမဲ့ အကောင်းဆုံးအတွက်လည်း မျှော်လင့်ရမယ်” လို့ ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
သမ္မတ လိုင်ရဲ့ မိန့်ခွန်းဟာ တရုတ်နိုင်ငံက Justice Mission 2025 လို့ အမည်ပေးထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်အပြီး ၂ ရက်အကြာမှာ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
အဲဒီ စစ်ရေးအင်အားပြသမှုအတွင်း တရုတ်နိုင်ငံဟာ ထိုင်ဝမ်ဘက်ကို ဒုံးကျည်အမြောက်အမြား ပစ်ခတ်ခဲ့သလို ကျွန်းအနီးမှာလည်း စစ်သင်္ဘောနဲ့ စစ်လေယာဉ် အများအပြားကို ဖြန့်ကြက် ချထားခဲ့ပါတယ်။
ဒီလုပ်ရပ်အပေါ် ဥရောပကော်မရှင်နဲ့ ဗြိတိန် အပါအဝင် အနောက်နိုင်ငံ မဟာမိတ်အဖွဲ့တွေက စိုးရိမ်ပူပန်ကြောင်း ဖော်ပြခဲ့ကြပါတယ်။
တရုတ်နိုင်ငံဟာ ဒီမိုကရေစီနည်းကျ အုပ်ချုပ်နေတဲ့ ထိုင်ဝမ်ကျွန်းကို သူတို့ရဲ့ ပိုင်နက်နယ်မြေအဖြစ် ကြေညာထားပြီး ထိုင်ဝမ်ကို သူတို့ရဲ့ ထိန်းချုပ်မှုအောက် ရောက်အောင် လုပ်ဆောင်ရာမှာ လိုအပ်ရင် စစ်အင်အား အသုံးပြုဖို့ကိုလည်း ငြင်းဆိုထားခြင်း မရှိပါဘူး။
ထိုင်ဝမ်ဘက်ကတော့ တရုတ်ရဲ့ အဲဒီလို ပိုင်နက်ကြေညာမှုတွေကို လက်မခံဘဲ ပယ်ချထားပါတယ်။
Source: Reuters


