
ဒီဇင်ဘာ ၂၈ ရက်က စစ်တပ်ကလုပ်ခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ဦးရေ ၁၁ သန်းကျော်မှာ ၆ သန်းကျော်မဲပေးခဲ့ပြီး မဲပေးတဲ့သူ ရာခိုင်နှုန်း ၅၂ ရာခိုင်နှုန်းကျော်ရှိတယ်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
အဲဒီရာခိုင်နှုန်းဟာ ကိုဗစ်ကပ်ရောဂါအန္တရာယ်ရှိနေခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲပေးခဲ့တဲ့ ရာခိုင်နှုန်းထက် ၂၀ ရာခိုင်နှုန်းလောက်လျော့ နည်းတယ်လို့ စာရင်းတွေအရ သိရပါတယ်။
NLD အစိုးရလက်ထက်က လုပ်ခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာမဲပေးခဲ့သူ ရာခိုင်နှုန်းဟာ ၇၀ ရာခိုင်နှုန်းကျော်ရှိခဲ့တာဖြစ်ပါတယ်။
စစ်တပ်ကလုပ်မယ့်ရွေးကောက်ပွဲကို တော်လှန်ရေးအင်အားစုတွေ အတုအယောင်ရွေးကောက်ပွဲလို့ ကြေညာပြီး မဲမပေးဖို့ ပြည်သူကို လှုံ့ဆော်ခဲ့ပြီး စစ်တပ်ဘက်ကတော့ ပြည်သူကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်မဲထည့်ခိုင်းခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲလုပ်မဲ့ ၁၀၂ မြို့နယ်မှာ မဲမပေးတဲ့ပြည်သူတွေအပေါ် အန္တရာယ်တခုခု ရှိလာမယ်လို့ စစ်တပ်လက်အောက်ခံတွေက ပြောဆိုတာတွေရှိခဲ့သလို ဝန်ထမ်းတွေကိုလည်း စစ်တပ်က မဖြစ်မနေ မဲထည့်ဖို့ ဖိအားပေးခဲ့တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်တပ်က လာမဲ့ ဇန်နဝါရီ ၁၁ ရက်နဲ့ ၂၅ ရက်နေ့တွေမှာ ရွေးကောက်ပွဲ အပိုင်း ၂ နဲ့ ၃ ကို ဆက်လုပ်မယ်လို့ ကြေညာထားပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။
မြတ်သဇင်


