
ဖူဂျီဆပ်ပြာစက်ရုံက ကုန်ကြမ်းမရလို့ဆိုပြီး အကြောင်းပြကာ လုပ်ငန်းရပ်နားထားမဲ့ ကာလအတွင်း လစာမယူဘဲ နားနေဖို့ သဘောတူကြောင်း ခံဝန်လက်မှတ် အတင်းအကျပ် ထိုးခိုင်းနေတယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsF) ဆီက သိရပါတယ်။
အလုပ်သမား ၁၀၀ နီးပါးနဲ့ လည်ပတ်နေတဲ့ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်စက်မူဇုန်ရှိ ရွှေသဇင်ကုမ္ပဏီရဲ့ ဖူဂျီဆပ်ပြာစက်ရုံမှာ ကုန်ကြမ်းမရတဲ့အတွက် ဇန်နဝါရီ ၁ ရက်ကစပြီး ခေတ္တရပ်နားထားမယ်လို့ အလုပ်သမားတွေကို အသိပေးထားပါတယ်။
အဲဒီရပ်နားထားချိန်မှာ လစာနဲ့ ထောက်ပံ့စရိတ် ပေးတာကိုလည်း ရပ်ထားမှာဖြစ်ပြီး အလုပ်သမားတွေက သဘောတူတယ်ဆိုတဲ့ ခံဝန်လက်မှတ်ကို အတင်းအကျပ်ထိုးခိုင်းကာ လက်မခံတဲ့ အလုပ်သမားကို ဒီဇင်ဘာလအတွက် လစာကိုပါ မပေးဘူးဆိုပြီး ခြိမ်းခြောက်နေတယ်လို့ MICS-TUsF ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်က ပြောပါတယ်။
“စက်ရုံအနေနဲ့ ပေးသင့်တဲ့ ခံစားခွင့် ပေးကိုပေးရမှာ ဖြစ်တယ်။ အခုလို အလုပ်သမားတွေ ရသင့်တဲ့ ခံစားခွင့်ကို မပေးရုံတင်မကဘူး၊ အတင်းအကျပ် လက်မှတ်ထိုးခိုင်းတာ၊ ခြိမ်းခြောက်တာတွေက လက်ခံနိုင်စရာ အကြောင်းရှိပါဘူး။ ဒီကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့အဖွဲ့ချုပ်ကနေ အလုပ်သမားတွေဘက်က ရပ်တည် ကူညီပေးသွားပါမယ်။”
ဖူဂျီစက်ရုံအနေနဲ့ ခေတ္တရပ်နားတာလို့ အကြောင်းပြထားပေမဲ့ အပြီးရပ်တာမျိုးလည်း ဖြစ်နိုင်ပြီး အခုလိုလုပ်ရပ်အပေါ် သက်ဆိုင်ရာ အလုပ်သမားရုံးတွေက စည်းကြပ်ဖြေရှင်းပေးဖို့ တာဝန်ရှိတယ်လို့လည်း ဆိုပါတယ်။
လက်ရှိမှာ စက်ရုံရှိ အလုပ်သမား ၁၀၀ နီးပါးထဲက ဖိအားပေးတဲ့အပေါ် မလွန်ဆန်ရဲတဲ့ ၇၀ လောက်က လက်မှတ်ထိုးထားပြီး အလုပ်သမားအဖွဲ့အစည်း ဝင်ထားတဲ့ ကျန်အလုပ်သမားတွေက လက်မှတ်မထိုးဘဲ ဥပဒေပါ ရပိုင်ခွင့်အတိုင်း ရရှိဖို့ စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။
ဖူဂျီဆပ်ပြာစက်ရုံမှာ ၂၀၂၂ ကလည်း အချိန်ပိုခိုင်းပြီး အချိန်ပိုကြေးမပေးလို့ တောင်းဆိုတဲ့ အလုပ်သမား ၄၀ နီးပါးကို အလုပ်ထုတ်ခဲ့တဲ့ ဖြစ်ရပ် ရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။


