
မြန်မာပလာဇာမှာ အမျိုးသမီးတယောက်ကို အကြွေးပြန်မဆပ်ချင်တာကြောင့် ဓားနဲ့ထိုးသတ်ခဲ့တဲ့ အမျိုးသား ၂ ယောက်ကို ကမာရွတ်ခရိုင် တရားရုံးက ဒီဇင်ဘာ ၃၀ ရက်က မသေမချင်း ကြိုးပေးသတ်ဖို့ အမိန့်ချလိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မနေ့ နေ့လယ်က ကမာရွတ်ခရိုင်တရားရုံးက ပြစ်မှုကျူးလွန်သူ ကိုမြတ်ကျော်သူရနဲ့ ကိုမျိုးလွင်ဦး တို့ကို ပုဒ်မ ၃၀၂(၁)(ခ) အရ မသေမချင်း ကြိုးပေးသတ်ဖို့ အမိန့်ချခဲ့တာလို့ တရားရုံးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“အကြွေးသိန်း ၃,၀၀၀ ကျော် မပေးချင်လို့ နှုတ်ပိတ်တဲ့သဘောနဲ့ သတ်တာ။ အမှုအတွက် ရဲက တရားရုံးတင်တာ ၃ ယောက်၊ အဲဒီထဲမှာ မအေးအိစုစံက အခင်းဖြစ်တဲ့ချိန်မှာ မပါတော့ တရားသေ လွတ်သွားတယ်။ မြတ်ကျော်သူရနဲ့ မျိုးလွင်ဦးတို့က အရင်ကတည်းက သေစေလိုတဲ့ဆန္ဒနဲ့ ရည်ရွယ်ချက်ရှိရှိ သတ်တာဖြစ်တဲ့အတွက် ပုဒ်မ ၃၀၂(၁)(ခ) အရ မသေမချင်း ကြိုးပေးသတ်ဖို့ အမိန့်ချလိုက်တာ။”
ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်က ကမာရွတ်ခရိုင်၊ ဗဟန်းမြို့နယ် မြန်မာပလာဇာ ကားရပ်နားတဲ့ နေရာမှာ ကိုမြတ်ကျော်သူရနဲ့ ကိုမျိုးလွင်ဦးတို့က ဒေါ်စန်းစန်းအေးနဲ့ ဦးလတ်ခန်အရေတို့ ၂ ယောက်ကို ဓားနဲ့ထိုးခဲ့ရာ ဒေါ်စန်းစန်းအေး သေဆုံးပြီး ဦးလတ်ခန်အရေ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
လူသတ်မှုဖြစ်ပြီးနောက် ဗဟန်းမြို့မ ရဲစခန်းက (ပ) ၁၉၉/၂၀၂၅၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၂၆/၁၁၄ နဲ့ အမှုဖွင့်ခဲ့ကာ ပြစ်မှုကျူးလွန်သူတွေကို ရှာဖွေခဲ့ရာ သြဂုတ် ၆ ရက်မှာ မြတ်ကျော်သူရနဲ့ မအေးအိစုံစံတို့ လင်မယားကို ဖမ်းမိပြီး စက်တင်ဘာ ၁ ရက်မှာ မျိုးလွင်ဦးကို ဖမ်းမိခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်အတွင်း ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ လုယက်လူသတ်မှု ၁,၀၀၀ နီးပါးဖြစ်ခဲ့ပြီး အဲဒီထဲမှာ ရန်ကုန်တိုင်းက လူသတ်လုယက်မှု ၁၅၁ မှု ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။


