
အာဏာသိမ်းစစ်တပ်ရဲ့ ဒီဇင်ဘာ ၂၈ ရက်က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ အပိုင်း ၁ မှာ မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီကိုယ်စားပြု ဝင်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်း ၂ ယောက် အနိုင်ရပြီး ကျန်နေရာအများစုကိုတော့ ကြံ့ခိုင်ရေးပါတီက အနိုင်ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
ချောင်းဆုံမြို့နယ်မှာ မွန်ညီညွတ်ရေးပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် မင်းစိုးသူနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် နိုင်အမ်ချမ်းမွန် (ခ) မင်းစိုးခိုင်တို့က စစ်တပ်ပါတီဖြစ်တဲ့ ကြံ့ခိုင်ရေးပါတီရဲ့ ကိုယ်စားလှယ်တွေကို မဲအသာစီးနဲ့ အနိုင်ရခဲ့တာပါ။
ပြည်နယ်လွှတ်တော် နေရာကိုတော့ ကြံ့ခိုင်ရေးပါတီက ဝင်ပြိုင်တဲ့ လက်ရှိ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မဲအများဆုံးနဲ့ အနိုင်ရရှိခဲ့တယ်လို့လည်း ဒေသခံတွေဆီက သိရပါတယ်။
ဒေသခံတယောက်က "ချောင်းဆုံမှာ ၂ နေရာပဲ နိုင်တယ်။ ကျန်တဲ့နေရာတွေမှာက USDP က မဲအသာစီးနဲ့ နိုင်သွားတယ်" လို့ DVB ကို ပြောပါတယ်။
ရွေးကောက်ပွဲ အပိုင်း ၁ မှာ မွန်ပြည်နယ်အတွင်းက ကျိုက်ထိုမြို့နယ်၊ သထုံမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ ကျိုက်မရောမြို့နယ်နဲ့ ချောင်းဆုံမြို့နယ်တို့မှာ ရွေးကောက်ပွဲကျင်းပခဲ့တာပါ။
အဲဒီအထဲမှာ ချောင်းဆုံမြို့နယ်က ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နေရာတွေကို မွန်ညီညွတ်ရေးပါတီက အနိုင်ရပြီး ကျန်နေရာအများစုမှာ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေ မဲအသာစီးနဲ့ အနိုင်ရခဲ့တယ်လို့ ဆိုပါတယ်။
ရွေးကောက်ပွဲနေ့မှာ မဲရုံထဲ လက်ကိုင်ဖုန်းယူသွားမိလို့ အမျိုးသမီး ၂ ယောက် ဖမ်းဆီးအရေးယူခံရတဲ့ဖြစ်စဉ် သထုံမြို့နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရွေးကောက်ပွဲဟာ တရားမဝင်တဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားသလို ကုလသမဂ္ဂနဲ့ နိုင်ငံတကာအသိုက်အဝန်းကလည်း လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲမဟုတ်ဘူးလို့ ပြောဆိုထားပါတယ်။


