
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်ရှိ လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်းပါ စာရွက်ကို ဆုတ်ဖြဲခဲ့တဲ့ ဒေသခံအမျိုးသားတယောက် ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရကြောင်း ဒေသခံတွေထံက သိရပါတယ်။
နိုဝင်ဘာ ၄ ရက်က ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ကပ်ထားတဲ့ စစ်ကောင်စီ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းပါ စာရွက်တွေကို နိုဝင်ဘာ ၄ ရက်က ဆုတ်ဖြဲခဲ့တာကြောင့် ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးခံရပြီး အခုလို ထောင်ဒဏ်ချမှတ်ခံရတာလို့ ချောင်းဆုံရဲစခန်းနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။
“ဖြစ်တာက နိုဝင်ဘာလ ၄ ရက်နေ့ကပါ။ ကွမ်ရိုက်အုပ်ကြီး ဖုန်းဆက်တိုင်လာလို့ ၅ ရက်နေ့မှာ သူ့ကို ရွေးကောက်ပွဲဥပဒေနဲ့ ဖမ်းဆီးထိန်းသိမ်းခဲ့တယ်။ နောက်ပြီး ရုံးကို ခဲနဲ့ပါ ပေါက်သွားတာဆိုတော့ ပုဒ်မ ၃ ခုလောက်နဲ့ တရားစွဲခံရပြီး နှစ်ရှည်ထောင်ဒဏ် ချခံရတာပါ။”
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံခဲ့ရတဲ့ ချောင်းဆုံမြို့နယ်၊ ကွမ်ရိုက်ကျေးရွာနေ အသက် ၆၅ နှစ်အရွယ် ဦးကျော်မြင့်ကို လွှတ်တော်ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းပါ စာရွက်တွေကို ဆုတ်ဖြဲခဲ့မှုနဲ့ ချောင်းဆုံမြို့မရဲစခန်းက (ပ) ၁၂၆/၂၀၂၅ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၆ (က)/၂၄ (က) အရ အမှုဖွင့်ကာ တရားစွဲဆိုခဲ့ပြီးနောက် နိုဝင်ဘာ ၁၉ ရက်မှာ မော်လမြိုင်ခရိုင်တရားရုံးက ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခဲ့တာပါ။
မိသားစုနဲ့နီးစပ်သူတယောက်က “သူက ရွေးကောက်ပွဲဝင်ပြိုင်မယ့်သူတွေကို မကြိုက်လို့ စာရွက်လေး ဆုတ်ဖြဲမိသွားတာလေ၊ ဒါကို ဒီလောက်ထိ လုပ်ဖို့လိုလို့လား။ သူတို့ကြေညာထားတဲ့အထဲမှာ ထောင်ဒဏ်က ၃ နှစ်ကနေ အများဆုံး ၇ နှစ်ထိပဲရှိတာ။ အခုဟာက ၁၇ နှစ်ဆိုတော့ ဘယ်လိုဥပဒေလဲ၊ ပါးစပ်ကထွက်တဲ့ ဥပဒေလိုပဲ ဖြစ်နေတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၄ (က) အရ ထောင်ဒဏ်အဖြစ် အနည်းဆုံး ၃ နှစ်မှ အများဆုံး ၇ နှစ်အထိအပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း ထုတ်ပြန်ထားပါတယ်။
အလားတူ လက်ရှိ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားစေဖို့ လုပ်ဆောင်မှုတွေကြောင့် ဖမ်းဆီး၊ အရေးယူခံရသူပေါင်း ၁၀၀ နီးပါးအထိ ရှိနေပြီဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။


