
နိုင်ဂျီးရီးယားနိုင်ငံမှာ ကားတိုက်မှု ဖြစ်ပွားခဲ့ပြီး ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း ဂျော့ရှုအာ ဒဏ်ရာရခဲ့ကြောင်း သတင်းတွေက ဖော်ပြပါတယ်။
နိုင်ဂျီးရီးယားနိုင်ငံ လာဂိုးအနီး အိုဂန်ပြည်နယ်ရဲ့ အဓိက အဝေးပြေးလမ်းပေါ်မှာ ကားတိုက်မှု ဖြစ်ပွားခဲ့တာဖြစ်ပြီး ဂျော့ရှုအာရဲ့ သူငယ်ချင်းနဲ့ အသင်းအဖွဲ့ဝင်တယောက် သေဆုံးခဲ့ပါတယ်။
ဂျော့ရှုအာရဲ့ အခြေအနေ ကောင်းမွန်ကြောင်းနဲ့ ဒဏ်ရာကြီးကြီးမားမား မရဘူးလို့လည်း ဒေသအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။
ဂျော့ရှုအာဟာ ကားတိုက်မှုဖြစ်စဉ်ကနေ ကံကောင်းလို့ အသက်မသေခဲ့တာဖြစ်ပြီး ဒီဖြစ်ရပ်ကို စုံစမ်းစစ်ဆေးသွားမှာဖြစ်ကြောင်း ဒေသအာဏာပိုင်တွေက ဆိုပါတယ်။
ကားတိုက်မှုဖြစ်စဉ်ဟာ လာဂိုး-အီဘာဒန် အမြန်လမ်းမှာ မနက် ၁၁ နာရီက ဖြစ်ပွားခဲ့တာပါ။
ဂျော့ရှုအာတို့စီးလာတဲ့ ကားနဲ့ စာရေးကိရိယာတင်ဆောင်လာတဲ့ ထရပ်ကားတို့ တိုက်မိခဲ့တာဖြစ်ပြီး သူ့ရဲ့ မိတ်ဆွေ ၂ ယောက် သေဆုံးခဲ့တာပါ။
လာဂိုး-အီဘာဒန် အမြန်လမ်းဟာ နိုင်ဂျီးရီးယားနိုင်ငံမှာ ယာဉ်တိုက်မှုတွေ ဖြစ်ပေါ်လေ့ရှိပြီး လူသေဆုံးမှုများတဲ့ အမြန်လမ်း ဖြစ်တယ်လို့လည်း သတင်းတွေက ဖော်ပြပါတယ်။
ဂျော့ရှုအာဟာ အင်္ဂလန်နိုင်ငံမှာ မွေးဖွားသူဖြစ်ပေမဲ့ သူ့မိသားစုတွေက နိုင်ဂျီးရီးယားနိုင်ငံ အနောက်ပိုင်းက ဖြစ်ပါတယ်။
ဂျော့ရှုအာဟာ ဒီဇင်ဘာ ၁၉ ရက်က Youtuber ဂျိတ်ပေါကို အနိုင်ရပြီးနောက် နိုင်ဂျီးရီးယားနိုင်ငံကို အားလပ်ရက် ခရီးထွက်လာတာ ဖြစ်ပါတယ်။
Source: Reuters


