
နိုင်ဂျီးရီးယားနိုင်ငံ၊ ဘော်နိုပြည်နယ်ရဲ့ မြို့တော် မိုင်ဒူဂူရီရှိ ဗလီတလုံးမှာ ဒီဇင်ဘာ ၂၄ ရက်က နေခင်း ဝတ်ပြုဆုတောင်းနေချိန်မှာ ပေါက်ကွဲမှုဖြစ်ပြီး လူ ၅ ယောက်ထက်မနည်း သေဆုံးသွားကြောင်း ရဲတပ်ဖွဲ့က အတည်ပြုပါတယ်။
ဒေသစံတော်ချိန် ညနေ ၆ နာရီလောက်က ဂျူးမာ့အာ့ထ်ဗလီရှိ ဂမ်ဘိုရူဈေးမှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဘော်နိုပြည်နယ်ကွပ်ကဲမှုဌာန ပြည်သူ့ဆက်ဆံရေး ရဲအရာရှိ ကန်နသ် နာဟွန်းမ်ဒါဆိုက ပြောပါတယ်။
အကြမ်းဖက်အဖွဲ့ရဲ့ အဖွဲ့ဝင်လို့ သံသယရှိတဲ့ လူတယောက်ဟာ ဗလီထဲကို ဝင်ရောက်လာချိန်မှာ ဝတ်ပြုဆုတောင်းနေကြတာဖြစ်ပြီး ပေါက်ကွဲမှုကို မှတ်တမ်းတင်ထားကြောင်း၊ ဒါပေမဲ့ ရဲတပ်ဖွဲ့ ကော်မရှင်နာမင်းကြီးက စံပြစစ်ဆင်ရေးအဖွဲ့ကို အခင်းဖြစ်တဲ့နေရာကဆီ စေလွှတ်ခဲ့ကာ အဲဒီနေရာကို ရှင်းလင်းဖို့ ပေါက်ကွဲပစ္စည်း ဖျက်ဆီးရေးအဖွဲ့ (EOD) တာဝန်ယူထားတဲ့ဧရိယာကို စောင့်ကြပ်နေခဲ့တယ်လို့ ဆိုပါတယ်။
အခင်းဖြစ်တဲ့နေရာမှာ ပေါက်ကွဲပစ္စည်းတွေကို ထပ်မတွေ့ရပေမဲ့ ဒဏ်ရာရရှိသူတွေကို ကယ်ထုတ်နိုင်ခဲ့ပြီး မိုင်ဒူဂူရီရှိ အထူးကု ဆေးရုံတခုဖြစ်တဲ့ တက္ကသိုလ် သင်ကြားရေးဆေးရုံ (UMTH)ကို ပို့ဆောင်ပေးခဲ့တယ်လို့ ပြောပါတယ်။
သူတို့ဟာ လက်ရှိမှာ ကုသမှုခံယူနေပေမဲ့ ကံမကောင်းစွာနဲ့ လူ ၅ ယောက်ဟာ အခင်းဖြစ်ပွားရာနေရာမှာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ပြည်သူ့ဆက်ဆံရေး ရဲအရာရှိ ကန်နသ် နာဟွန်းမ် ဒါဆိုက ပြောပါတယ်။
ပေါက်ကွဲမှုကို ဘယ်အဖွဲ့ကလုပ်တယ်လို့ တာဝန်ယူ ထုတ်ပြောတာ မရှိသေးပေမဲ့ စစ်သွေးကြွတွေဟာ မိုင်ဒူဂူရီကဗလီတွေနဲ့ လူစည်ကားတဲ့နေရာတွေကို အသေခံဗုံးခွဲမှုတွေနဲ့ လက်လုပ်ဗုံးတိုက်ခိုက်မှုတွေနဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ဖူးပါတယ်။
ဘိုကိုဟာရမ်တွေဟာ ၂၀၀၉ ခုနှစ်က ဘော်နိုပြည်နယ်မှာ ပုန်ကန်မှု စတင်ခဲ့ပြီးတော့ အစ္စလာမ်မစ် ခါလီဖိတ်နိုင်ငံ တည်ထောင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
စစ်ရေးထိုးစစ်တွေနဲ့ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေပမဲ့ ရံဖန်ရံခါ တိုက်ခိုက်မှုတွေဟာ အရှေ့မြောက်ပိုင်းက အရပ်သားတွေကို ဆက်လက် ခြိမ်းခြောက်နေဆဲ ဖြစ်ပါတယ်။
Source: Reuters


