
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ လက်တောင်းကြီးရွာကို စစ်တပ်က ဒီဇင်ဘာ ၂၉ ရက် မနက်အစောပိုင်း ၁ နာရီက ရွာမီးရှို့ပြီး ဒေသခံအမျိုးသမီးတယောက်ကို အဓမ္မပြုကျင့်သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
အဆိုပါစစ်ကြောင်းဟာ ပုလဲမြို့တွင်း အထိုင်တပ်စွဲနေတဲ့ စစ်သားတွေ ဖြစ်တယ်လို့လည်း သိရပါတယ်။
လက်တောင်းကြီးရွာသားတယောက်က “ပုလဲမြို့ကနေ ရိက္ခာလာလုတဲ့ စစ်ကြောင်းပါဗျ။ သူတို့ ၂၈ ရက်နေ့ ညနေခင်းပိုင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ ကျနော်တို့ရွာအနီးမှာ တိုက်ပွဲဖြစ်သေးတယ်။ အဲလို တိုက်ပွဲဖြစ်ပြီး မနက်ခင်း ၁ နာရီနီးပါးမှာ ရွာကို မီးနဲ့ရှို့သွားတယ်။ အမျိုးသမီးတဦးကိုလည်း အဓမ္မပြုကျင့်သွားတယ်။ ကျည်ခွံကောက်တဲ့ အမျိုးသားတဦးကိုလည်း လက်နှက်ဖက်လုံး ခုတ်ဖြတ်တာတွေ လုပ်သွားကြသေးတယ်။ ရွာက အိမ် ၃၀ နီးပါး မီးလောင်ခဲ့တယ်” လို့ ပြောပါတယ်။
အဆိုပါစစ်ကြောင်းဟာ လက်တောင်းကြီးရွာကို မီးရှို့ပြီး ရိက္ခာတွေလုယူကာ ပုလဲမြို့အတွင်း ဒီဇင်ဘာ ၂၉ ရက် မနက်ပိုင်းမှာ ပြန်လည်ဝင်ရောက်သွားတယ်လို့လည်း သိရပါတယ်။
ဒေသခံ ကာကွယ်ရေးအဖွဲ့ဝင်တယောက်က “အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးက အသက် ၃၀ ကျော်အရွယ်ဗျ။ ကူညီဆောင်ရွက်တာတွေ ပြုလုပ်ပေးထားပါတယ်။ လက်အဖြတ်ခံရတဲ့ အမျိုးသားလည်း ဆေးကုသမှု ပေးထားပါတယ်။ လူစိတ်မရှိတဲ့ စစ်(-)တွေပါ။ အခုရာသီက ဒေသခံ တောင်သူတွေရဲ့ စပါးနဲ့ ကောက်ပဲသီးနှံတွေ ရိတ်သိမ်းတဲ့ကာလဆိုတော့ ပြည်သူတွေရဲ့ စပါးနဲ့ ရိက္ခာ လုယူတာတွေ လုပ်နေကြတာ။ မင်းတိုင်ပင် အထိုင်စစ်ကြောင်းကလည်း အနီးဝန်းကျင်က ရွာတွေက ရိက္ခာတွေ လုသလို ဇီးဖြူကုန်းအထိုင် ပျူစခန်းကလည်း ရိက္ခာလုယူတာတွေ လုပ်နေတယ်” လို့ ပြောပါတယ်။
ဒီဇင်ဘာ ၃၀ ရက်ကလည်း ပုလဲမြို့ပေါ် အထိုင်ချ စစ်တပ်က ထပ်မံရိက္ခာလုယူဖို့ စစ်ကြောင်းလှုပ်ရှားမှု ပြုလုပ်နေပြီး ဒေသခံ တောင်သူတွေအနေနဲ့ စိုးရိမ်ထိတ်လန့်နေတယ်လို့လည်း သိရပါတယ်။


