
ဆက်တိုက်မြင့်တက်ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ တရက်အတွင်း ၁ ဒသမ ၅ ရာခိုင်နှုန်းဝန်းကျင် ပြန်လည်ကျဆင်းလာပြီး မြန်မာပြည်တွင်းရွှေဈေးနှုန်းလည်း သိန်းဂဏန်း ပြန်ကျလာတယ်လို့ ဈေးကွက်အတွင်းက သိရပါတယ်။
ဈေးကွက် စောင့်ကြည့်သူတွေကတော့ ယူကရိန်း-ရုရှားကိစ္စ ပြေလည်နိုင်မယ့် အရိပ်အယောင်ပြလာတာ၊ အမေရိကန် ဒေါ်လာတန်ဖိုး အနည်းငယ် ပြန်မာလာတာနဲ့ ရွှေကိုင်ဆောင်ထားသူတွေ အမြတ်ရရှိချိန်မှာ ထုတ်ရောင်းလာကြတာတွေကြောင့် ကမ္ဘာ့ရွှေဈေးနှုန်း အနည်းငယ် ပြန်ကျရိပ်ပြလာတာလို့ သုံးသပ်ကြပါတယ်။
ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းလာမှုနဲ့အတူ ပြည်တွင်း အခေါက်ရွှေဈေးကလည်း ပြန်ကျဆင်းလာပါတယ်။ ဒီဇင်ဘာ ၂၈ ရက်က တကျပ်သားကို ၉,၄၇၀,၀၀၀ အထိ အမြင့်ဆုံးတက်ခဲ့ပေမဲ့ ဒီနေ့ညနေပိုင်းမှာတော့ ကျပ် ၉၃ သိန်း ၅ သောင်းအထိ ပြန်ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။
ပြင်ပ ရွှေဈေးကွက်အတွင်းမှာတော့ တရက်အတွင်း ၁၆ ပဲရည် တကျပ်သားကို ကျပ် တသိန်းကျော်အထိ ပြန်ကျဆင်းလာခဲ့ပြီး စစ်ကောင်စီဩဇာခံ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ရဲ့ ရည်ညွှန်းရွှေဈေးနှုန်းကတော့ အရင်ကထက် ကျပ် တသောင်းမြင့်တက်လာတာ တွေ့ရပါတယ်။


