
အမေရိကန်ရဲ့ စီးပွားရေးအချက်အလက်တွေအရ ဒေါ်လာဈေး မြင့်တက်လာပြီးတဲ့နောက် ငွေသတ္တုစျေးနှုန်းက တအောင်စကို စံချိန်တင် ဒေါ်လာ ၇၀ အထက် ရောက်လာပါတယ်။
ငွေသတ္တုစျေးနှုန်းဟာ ဒီဇင်ဘာ ၂၃ ရက်က စံချိန်တင် မြင့်တက်ခဲ့ပြီး တအောင်စကို ဒေါ်လာ ၇၀ ထိ ရောက်ခဲ့တာဖြစ်ပါတယ်။
မျှော်လင့်ထားတာထက် ပိုအားကောင်းတဲ့ အမေရိကန်စီးပွားရေး အချက်အလက်တွေကြောင့် ငွေစျေးဟာ အစောပိုင်းက စံချိန်တင် ၇၀ ဒသမ ၆၆ ဒေါ်လာကို ရောက်ခဲ့ပါတယ်။ ဈေးနှုန်းတွေဟာ မနှစ်ကထက် ၁၂၃ ရာခိုင်နှုန်း မြင့်တက်ခဲ့တာပါ။
ကမ္ဘာ့အကြီးဆုံးစီးပွားရေးနိုင်ငံ အမေရိကန်ဟာ တတိယသုံးလပတ်မှာ မျှော်မှန်းထားတာထက် ပိုမြန်မြန် တိုးတက်ခဲ့တယ်လို့ အချက်အလက်တွေက ပြထားခဲ့ပြီး အမေရိကန်ဒေါ်လာကလည်း ဆုံးရှုံးမှုတွေကို ပြန်လျှော့ချခဲ့ပါတယ်။
ဒေါ်လာစျေးကွက် ပိုခိုင်မာလာလို့ ဒေါ်လာဈေးနှုန်းနဲ့ သတ္တုတွေဟာ ပြည်ပဝယ်သူတွေအတွက် ဆွဲဆောင်မှု နည်းခဲ့ပါတယ်။
ရွှေစျေးက စံချိန်တင် တအောင်စကို ၄,၄၉၇ ဒသမ ၅၅ ဒေါ်လာထိ ရောက်ရှိပြီးတဲ့နောက်မှာ တအောင်စကို ၄,၄၄၉ ဒသမ ၉၉ ကို ထပ်ရောက်ခဲ့ပြီးစျေးနှုန်း ၀ ဒသမ ၁ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါတယ်။
ပထဝီနိုင်ငံရေးတင်းမာမှုတွေ၊ အမေရိကန်က အတိုးနှုန်းလျှော့ချမှုတွေ၊ ဗဟိုဘဏ်ရဲ့ ဝယ်ယူမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ခိုင်မာမှုတွေကြောင့် အခုနှစ်ထဲမှာ ရွှေချောင်းဈေးနှုန်းက ၇၀ ရာခိုင်နှုန်းလောက်အထိ မြင့်တက်လာခဲ့ပါတယ်။
ပလက်တီနမ်စျေးက ၃ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ပြီး တအောင်စကို ၂,၂၀၂ ဒသမ ၃၀ ထိရောက်ခဲ့လို့ ၁၇ နှစ်ကျော်အတွင်း အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။
ပါလာဒီယံစျေးက ၂ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ပြီး ၃ နှစ်အတွင်း အမြင့်ဆုံးအဖြစ် တအောင်စကို ၁,၈၀၈ ဒသမ ၂၅ ဒေါ်လာကို ရောက်ရှိခဲ့လို့ ရွှေနဲ့ ငွေတို့ရဲ့ စျေးကွက်ခိုင်မာမှုကို ခြေရာခံလိုက်နေခဲ့ပါတယ်။
ပထဝီနိုင်ငံရေးတင်းမာမှုတွေ နောက်ဆုံးပေါ်ပေါက်လာချိန်မှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဗင်နီဇွဲလားနိုင်ငံထဲ ဝင်ရောက်ထွက်ခွာခွင့်ရှိတဲ့ ရေနံတင်သင်္ဘောအားလုံးကို ပိတ်ဆို့ဖို့ ပြီးခဲ့တဲ့အပတ်က အမိန့်ပေးခဲ့ပြီး စစ်ဖြစ်နိုင်တဲ့ အလားအလာကို မငြင်းဘူးလို့ ပြောခဲ့ပါတယ်။
ထရမ့်ပ်အစိုးရက ၂၀၂၇ ခုနှစ် ဇွန်လကစပြီး တရုတ်ရဲ့ semiconductor (တပိုင်းလျှပ်ကူးပစ္စည်း) တင်သွင်းမှုအပေါ် အခွန်ကောက်ခံမယ်လို့ ပြောခဲ့ပါတယ်။
Source: Reuters


