
ပူဂင့်ကမ်းလျန်ကို အကြမ်းဖက်သမားအဖြစ်ကြေညာထားတာကနေ ပြန်လည်ရုပ်သိမ်းတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ဒီဇင်ဘာ ၂၉ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။
အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င)နဲ့ ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံးပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရဲ့ သဘောတူညီချက်အရ ထုတ်ပြန်တာလို့ ဆိုပါတယ်။
ပူဂင့်ကမ်းလျန်ဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၂ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က ဖွဲ့စည်းခဲ့တဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ် ပါရှိခဲ့ပေမဲ့ ကျန်းမာရေးအရ အဲဒီကမ်းလှမ်းမှုကို လက်မခံဘဲ ဝင်ရောက်တာဝန်ထမ်းဆောင်တာမရှိလို့ အကြမ်းဖက်သမားအဖြစ် ကြေညာခဲ့တာကနေ ပြန်ရုပ်သိမ်းတယ်လို့ ဖော်ပြထားပါတယ်။
ချင်းလူမျိုးတွေဖြစ်တဲ့ ဒေါက်တာမှုထန်နဲ့ ပူဂင့်ကမ်းလျန် တို့အပါအဝင် စစ်ကောင်စီအဖွဲ့ဝင် ၃၃ ယောက်ကို အကြမ်းဖက်သမားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရက ဒီဇင်ဘာ ၂၁ ရက်မှာ ကြေညာခဲ့ပြီး ပူဂင့်ကမ်းလျန်ကို စာရင်းကနေ ရုပ်သိမ်းပေးဖို့ ဇိုမီးအမျိုးသားပါတီက ဒီဇင်ဘာ ၂၂ ရက်မှာ ထုတ်ပြန်တောင်းဆိုခဲ့ပါတယ်။


